ကိုယ့်အချစ်ရေးမှာ ချစ်သူအကြောင်းကို သူငယ်ချင်းအပေါင်းအသင်းတွေဆီ ပြောပြလေ့ရှိကြပေမယ့် လိုတာထက်ပိုပြီးတော့ မပြောပြသင့်ပါဘူး။ ပြောပြလိုက်လို့ ကောင်းသွားတာမျိုးမရှိပဲ ကိုယ်နဲ့ ကိုယ့်ချစ်သူကို ထိခိုက်တာမျိုး၊ ကိုယ့်အကြောင်း အတင်းပြောစရာဖြစ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး တခြားသူတွေကို မပြောပြသင့်တဲ့အရာတွေ ရှိပါတယ်။
အတွင်းရေးကိစ္စ
ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲသိဖို့လိုတဲ့ အတွင်းရေးတွေကအစ အသေးစိတ်လိုက်ပြောနေတာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ နှစ်ယောက်လုံးအတွက်လည်း မကောင်းပါဘူး။ တစ်ချိန်မလိုတဲ့အခါကျ ကိုယ်ယုံကြည်လို့ ပြောပြတဲ့အရာတွေက အတင်းပြောစရာတစ်ခု ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ချစ်သူရဲ့အားနည်းချက်
ဘယ်လောက်ခင်နေတဲ့ သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်၊ ကိုယ့်ညီအကို မောင်နှမကိုပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရဲ့ အားနည်းချက်တွေကအစ လိုက်ပြောပြနေတာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ နှစ်ယောက်ပဲသိသင့်တဲ့အရာကို လိုက်ပြောပြနေတာက ကိုယ့်ချစ်သူအပေါ်မှာ Respect မရှိရာကျပါတယ်။ ကိုယ့်ချစ်သူမှမဟုတ်ပါဘူး သူများအားနည်းချက်ကို လိုက်ပြောပြတာမျိုးက လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုပါပဲ။
ကိုယ့်ချစ်သူရဲ့မကောင်းကြောင်း
တခြားသူကို ကိုယ့်ချစ်သူရဲ့ မကောင်းကြောင်းပြောတာဆိုလည်း တော်ရုံတန်ရုံပဲ ပြောသင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ အမြဲတမ်း မကောင်းကြောင်းတွေပြောနေတော့ တစ်ဖက်လူအတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း မကောင်းပါဘူး။ သူများအမြင်မှာ ကိုယ့်ချစ်သူကို မကောင်းတဲ့သူလို့ မြင်သွားစေသလို၊ ကိုယ်ကလည်း မကောင်းတဲ့သူနဲ့တွဲနေတယ်၊ သူ့ချစ်သူက ဘယ်လိုပါဆိုပြီး သူများအတင်းပြောတာ ခံရနိုင်ပါတယ်။
ကိုယ့်ချစ်သူရဲ့ကိုယ်ရေးကိုယ်တာ
ကိုယ့်ချစ်သူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို တခြားသူတွေဆီ လိုက်ပြောပြနေစရာ မလိုပါဘူး။ ကိုယ်ပြောပြလိုက်တာက ပါးစပ်ဖွာတဲ့သူ၊ မယုံကြည်ရတဲ့သူဖြစ်နေရင် တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး တခြားသူတွေကို ပြန်ပြောတာမျိုး၊ အတင်းအဖျင်းတွေ လျှောက်ပြောတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ သေချာစဉ်းစားချင့်ချိန်ပြီးမှ ပြောတာအကောင်းဆုံးပါပဲ။