အမျိုးသမီး အများစုမှာ မိန်းမကိုယ် ယားယံခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ တချို့က ဒါကို သိပ်ပြဿနာမရှိဘူးလို့ထင်ကြပေမယ့် တခါတလေ ရောဂါပိုးကူးစက်ခံရတာကြောင့် (သို့) ဓာတ်မတည့်တာတွေကြောင့်ဖြစ်နိုင်ပါတယ်။
အခုလို မိန်းမကိုယ် ယားယံတာမျိုးဖြစ်တာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ ဒါပေမယ့် မြန်မာအမျိုးသမီး အများစုက မိန်းမကိုယ်ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်လို့ မိမိနဲ့ ရင်းနှီးသူ မိဘ၊ ဆွေမျိုးတွေနဲ့ တိုင်ပင်ဖို့တောင် ရှက်ရွံ့နေတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ ရှက်ရွံ့စရာမဟုတ်ပါဘူး။
အခုလို အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ မိန်းမကိုယ် ယားယံခြင်းကို ရှောင်ကြဉ်လို့ရနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ မစိုးရိမ်ပါနဲ့
မိန်းမကိုယ် ယားယံတာမျိုးဖြစ်လာတဲ့အခါ မစိုးရိမ်ပါနဲ့။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေဟာ သင့်ရဲ့ မိန်းမကိုယ်ကို ပိုပြီးယားယံစေပါတယ်။ ဒါ့အပြင် ဘက်တီးရီးယား ကူးစက်မှုနှုန်းကို ပိုပြီးမြင့်စေပါတယ်။
၂။ဘောင်းဘီကြပ်ကြပ်မဝတ်ပါနဲ့
အရမ်းကြပ်တဲ့ ဘောင်းဘီတွေ၊ စကတ်တွေ၊ အတွင်းခံတွေကို မဝတ်ပါနဲ့။ ညအိပ်ယာဝင်တဲ့အခါ ပေါ့ပေါ့ပါးပါးလေးပဲ ဝတ်ပါ။ သင့်မိန်းမကိုယ်မှာလည်း အောက်စီဂျင်ရဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဘက်တီးရီးယားပိုးတွေ ပိုပြီး ရှင်သန်လာစေမှာပါ။
၃။ pH ပမာဏမျှတအောင် ထိန်းပါ
သင့်ခန္ဓာကိုယ်မှာရော သင့်မိန်းမကိုယ်မှာပါ pH ပမာဏ မျှတမှုမရှိဘူးဆိုရင် ခြောက်သွေ့စေခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ယားယံခြင်းတွေကို ဖြစ်စေပါတယ်။ သင့်ရဲ့ မိန်းမကိုယ်မှာ pH ပမာဏ ၅ အထိရှိသင့်ပြီး ဒီအတိုင်း ရိုးရိုးရေ ၊ သာမန်ဆပ်ပြာတွေနဲ့ ဆေးတာမျိုးမလုပ်သင့်ပါဘူး။
၄။ ရိုးရိုးဆပ်ပြာမသုံးပါနဲ့
မိန်းမကိုယ်ကို ရိုးရိုးဆပ်ပြာနဲ့ ဆေးတာဟာ မိန်းမကိုယ်ကို ခြောက်သွေ့၊ ယားယံစေပါတယ်။ ရိုးရိုးဆပ်ပြာတွေမှာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH Level ထက် ပိုပြီးများတာကြောင့် မိန်းမကိုယ်အတွက် မသင့်တော်ပါဘူး။ အခုလို ရိုးရိုးဆပ်ပြာတွေ သုံးတာကြောင့်လည်း မိန်းမကိုယ် ယားယံခြင်းတွေ ဖြစ်လာစေပါတယ်။