လူတိုင်းနဲ့အဆင်ပြေအောင်နေတတ်ရင် စိတ်ချမ်းသာရပါတယ်။ လူတွေနဲ့အဆင်မပြေဘူး၊ မတည့်ဘူး၊ အမြင်မကြည်ခံရတယ်ဆိုရင်တော့ စိတ်ညစ်ရမှာပါပဲ၊ တစ်ခုခုဆိုလည်း အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူများအမြင်ကြည်ပြီး လူတိုင်းနဲ့အဆင်ပြေစေဖို့အတွက် အဓိကရှောင်ကြဉ်ရမယ့် အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။
စကားဖြတ်ပြောတာကိုရှောင်ပါ
တစ်ဖက်လူစကားပြောရင် သူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။ သူများပြောလို့မပြီးသေးပဲ ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ကိုယ်ပြောချင်ရင်တောင် သူများပြောတာကို အရင်နားထောင်ပြီး အားလုံးပြီးမှသာ ကိုယ်ပြောချင်တာကိုပြောပါ။ စကားဖြတ်ပြောတာက လူအမြင်ကပ်စရာဖြစ်သလို၊ ရိုင်းလည်းရိုင်းပါတယ်။ သူများအမြင်မကြည်လည်း ခံရပါတယ်။
အတင်းအဖျင်းပြောတာဆင်ခြင်ပါ
လုပ်ငန်းခွင်မှာဆိုရင် ပိုဆိုးပါတယ်။ အတင်းအဖျင်းပြောလို့ တစ်ဖက်လူက ပြန်သိသွားရင် မကောင်းပါဘူး။ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာမယ်၊ လူမုန်းများလာပါမယ်။ ကောင်းတာမရှိပါဘူး။ သူများအတင်းပြောလွန်းရင်လည်း လူအမြင်ကပ်စရာ ဖြစ်စေပါတယ်။ ဒါကြောင့် ဆင်ခြင်သင့်ပါတယ်။
မလိုအပ်တဲ့စကားတွေမပြောပါနဲ့
စကားကိုလိုတာထက်ပိုပြီး အများကြီးပြောနေရင် အမှားတွေပါတတ်ပါတယ်။ စကားပြောတော့မယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား စဉ်းစားသင့်ပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်လို့ လူအမြင်ကပ်စရာ ဖြစ်သွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် စကားပြောဆင်ခြင်ပြီး မလိုအပ်တဲ့စကားတွေကို မပြောတာက အကောင်းဆုံးပါပဲ။
မျက်နှာထားဆူပုပ်နေတာမျိုးကိုရှောင်ပါ
ဘယ်အချိန်ကြည့်ကြည့် မျက်နှာပြုံးချိုနေတဲ့သူကို လူတိုင်းကခင်ချင်ပါတယ်။ သဘောကျကြပါတယ်။ အမြဲတမ်း မျက်နှာထားဆူပုပ်နေရင် လူအမြင်ကပ်စရာဖြစ်စေပါတယ်။ လူမှုဆက်ဆံရေးကောင်းပြီး လူတိုင်းနဲ့ အဆင်ပြေစေဖို့၊ သူများအမြင်ကြည်တာ ခံရဖို့ဆိုရင် မျက်နှာထားကလည်း အရေးကြီးပါတယ်။
တစ်ယောက်တည်းသီးသန့်မနေပါနဲ့
တစ်ယောက်တည်းသီးသန့်နေပြီး အထာနဲ့နေတာမျိုးတွေက လူအမြင်ကပ်စရာ ဖြစ်စေသလို အပေါင်းအသင်းလည်း နည်းစေပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း မထင်ရင်မထင်သလို ပြောတာမျိုးတွေမလုပ်ပဲ ရေလိုက်ငါးလိုက်နေပါ။ Social ကောင်းချင်တယ်ဆိုရင်၊ လူတိုင်းနဲ့အဆင်ပြေပြီး သူများအမြင်ကြည်စေချင်တယ်ဆိုရင် ဘာမှစိတ်ထဲမထားပဲ ရေလိုက်ငါးလိုက်သာနေပါ။