သင်က ခဏခဏ ဝက်ခြံထွက်နေကျ သူတစ်ယောက် ဒါမှမဟုတ် ဝက်ခြံရှိနေတဲ့သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဝက်ခြံတွေက ကိုယ့်ရဲ့ အသားအရေကို အနှောင့်အယှက်ပေးနေတဲ့ အသားအရေ ပြဿနာတစ်ခုပါ။ ဒီထဲမှာတော့ DIY နည်းလမ်းတွေ မဟုတ်ဘဲ ဆိုးကျိုးလုံးဝ မရှိဘဲ သင့်ဝက်ခြံတွေ တဖြည်းဖြည်း ပါးလာစေမယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
၁။ မျက်နှာကို ပုံမှန်သန့်စင်ပါ
ရေအသန့်နဲ့ ပျော့တဲ့ Cleanser ကို သုံးကာ သင့်မျက်နှာကို တစ်နေ့မှာ နှစ်ခါ ပုံမှန် သစ်ပေးသင့်ပါတယ်။ ဒီလို မျက်နှာသစ်ပေးမယ်ဆိုရင် သင့်မျက်နှာပေါ်မှာ ဘတ်တီးရီးယားနဲ့ ဆီတွေ စုတာ လျော့ပါးလာပါလိမ့်မယ်။
၂။ မျက်နှာကို လက်နဲ့ မထိအောင် ထားပါ
သင့်မျက်နှာအသားအရေကို မသန့်ရှင်းတဲ့ လက်နဲ့ လုုံးဝ မထိသင့်ပါဘူး။ သင့်အသားအရေကို လက်နဲ့ထိလိုက်တာနဲ့ မမြင်ရတဲ့ ဘတ်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေ ကပ်ပါလာတတ်ပြီး ဝက်ခြံ ဖြစ်နိုင်စေပါတယ်။
၃။ သဘာဝနည်းလမ်းတွေကို Try ကြည့်ပါ
သောက်ဆေးနဲ့ ဝက်ခြံ ကုနိုင်သလိုပဲ ထပ်လုပ်နိုင်မယ့် ဘေးကင်းတဲ့ နည်းလမ်းတစ်ခုကတော့ Tea Tree Oil ပါ။ Tea Tree Oil က ဘတ်တီးရီးယားနဲ့ ပိုးတွေ သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သင့်အနေနဲ့ Tea Tree Oil ကို ဝက်ခြံရှိတဲ့ နေရာပေါ် ပုံမှန် နှစ်ကြိမ်လောက် လိမ်းပေးနိုင်ပါတယ်။
၄။ ဝက်ခြံကို ထိတာ ညှစ်တာ မလုပ်ပါနဲ့
တချို့တွေက မနေနိုင်တာနဲ့ ရှိတဲ့ ဝက်ခြံကို လက်နဲ့ ညှစ်ပစ်ကြပါတယ်။ ဒီလို ညှစ်ပစ်တာက ဘတ်တီးရီးယားနဲ့ အညစ်အကြေးတွေကို အရေပြားထဲ ပိုဝင်သွားစေပါလိမ့်မယ်။
၅။ ရေများများသောက်ပါ
ရေက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ် ပေါ့ပါးဖို့ ရေသောက်သင့်သလို ဝက်ခြံ အဆိပ်တွေ လျော့ပါးဖို့ ရေများများသောက်သင့်ပါတယ်။
၆။ သင့်အစားအသောက်မှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေနဲ့ ပြောင်းလဲပါ
အဆီများပြီး ဆားများတဲ့၊ အချိုများတဲ့ အစားအသောက်တွေက သင့်ဝက်ခြံကို ပိုဖြစ်စေနိုင်ပါတယ်။ အစိမ်းရောင် အသီးအရွက်တွေ၊ အမျှင်ဓာတ် များတဲ့ အစားအစာတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဝက်ခြံသက်သာပြီး Skin Glow လာဖို့ ပိုစားပေးသင့်ပါတယ်။
၇။ ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ
ဝက်ခြံဖြစ်တတ်တဲ့ အကြောင်းအရင်းတစ်ခုကတော့ ချွေးပေါက်ပိတ်တာပါ။ သင်လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာတော့ ချွေးပေါက်တွေ ပွင့်သွားပြီး အညစ်အကြေးတွေကို ထုတ်ပစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ဝက်ခြံဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၈။ စိတ်တည်ငြိမ်အောင်ထားပါ
စိတ်ဖိစီးမှု များရင် ဝက်ခြံဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု မဖြစ်ဖို့ ယောဂ ကျင့်ပေးတာ၊ ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးတာ၊ တရားထိုင်တာ စတာတွေကို လုပ်ပေးသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar