သင့်မှာ ရှိသမျှ အလှကုန်တွေထဲမှာ ရေမွှေးက ဈေးအကြီးဆုံး ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အရည်အသွေးကောင်းပြီး အနံ့ခံတဲ့ ရေမွှေးတွေက ဈေးကြီးတတ်လို့ပါ။ ဒါပေမဲ့ ကိုယ်ဆွတ်ပြီး တစ်နာရီ နှစ်နာရီနေတာနဲ့ အနံ့မရှိတော့တာက တော်တော် စိတ်ကုန်ဖို့ ကောင်းပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေမွှေးဆွတ်လေ့ရှိတဲ့ ပျိုမေတို့ သိထားသင့်တဲ့ အသုံးအဝင်ဆုံး အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ မှန်ကန်တဲ့ အချိန်မှာ စွတ်ပါ

အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင်ဖို့ ရေချိုးပြီး ထွက်လာတာနဲ့ ရေမွှေးဆွတ်ပေးသင့်ပါတယ်။ အင်္ကျီမဝတ်ခင် ရေမွှေးသုံးပေးမယ်ဆိုရင် အနံ့က ပိုစိမ့်ဝင်နိုင်ပါတယ်။ ဒါ့အပြင် စွန်းတတ်တဲ့ ရေမွှေးဆိုရင် အဝတ်နဲ့ မထိတာက ပိုသင့်တော်ပါတယ်။

၂။ တခြားအနံ့တွေကို ပေါင်းမသုံးပါနဲ့

ရေမွှေးနံ့ပိုမွှေးအောင် ပျိုမေတို့ သိကြမယ့် နည်းလမ်းတစ်ခုကတော့ အနံ့တူတဲ့ လိုးရှင်းနဲ့ ရေမွှေးကို သုံးတာပါ။ ဒါပေမဲ့ ဒီနည်းလမ်းက ငွေကုန်ကြေးကျ များပါတယ်။ သင့်အနေနဲ့ ရေမွှေးအနံ့တစ်မျိုးတည်းကို ပိုပေါ်လွင်စေချင်ရင် အနံ့မပါတဲ့ Shower Gel, Moisturizer တွေကို သုံးသင့်ပါတယ်။

၃။ လက်ကောက်ဝတ် နှစ်ဘက်ကို မပွတ်ပါနဲ့

ဇာတ်လမ်းတွေမှာ ရေမွှေးဆွတ်ပြီးတာနဲ့ လက်ကောက်ဝတ် နှစ်ခုကို ပွတ်လိုက်တာကို မြင်ဖူးမှာပါ။ တကယ်တော့ ဒီလိုလုပ်တာက အသားအရေ အဆီနဲ့ ရေမွှေးကို ဓာတ်ပြုစေကာ အနံ့ပြောင်းသွားစေပါတယ်။ ဒါကြောင့် ရေမွှေးဆွတ်ပြီးတာနဲ့ ခဏ စောင့်သင့်ပါတယ်။

၄။ သွေးခုန်တဲ့ နေရာတွေပေါ် ရေမွှေးဆွတ်ပါ

သွေးခုန်တဲ့ နေရာအစိတ်အပိုင်းတွေက အသားအရေမှာ ပိုပူတဲ့ နေရာတွေ ဖြစ်ကာ ရေမွှေးအနံ့ပိုထွက်စေပါတယ်။ ဒါပေမဲ့ ပိုမသုံးမိဖို့တော့ သတိပြုသင့်ပါတယ်။

၅။ ပါးစပ်ထဲ မဝင်ပါစေနဲ့

ဒါက ရယ်စရာ ဖြစ်နိုင်ပေမယ့် တကယ် ဝင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင်က ဆံပင်ပေါ် ပတ်ပြီး ရေမွှေးဖြန်းတဲ့အခါ ပါးစပ်ဟထားနိုင်ပြီး ဝင်သွားနိုင်လို့ပါ။ ဒါ့အပြင် သင်က လက်သည်းကိုက်တတ်သူဆိုရင် လက်ပေါ် ရေမွှေးမပေဖို့ သတိထားသင့်ပါတယ်။

၆။ မှန်ကန်တဲ့ နည်းလမ်းကို ရှာဖွေပါ

ရေမွှေးဆွတ်နေကျသူတွေ ဘယ်လို ရေမွှေးဆွတ်လဲ လိုက်လေ့လာသင့်ပါတယ်။ ဒီလိုဆိုရင် နည်းလမ်းကောင်းတွေကို တွေ့လာပါလိမ့်မယ်။

၇။ ရေမွှေးနံ့ခံဖို့

ရေမွှေးအနံ့ ကြာရှည်ခံအောင် မဆွတ်ခင် အစိုဓာတ် ထိန်းခရင် လိမ်းတာ၊ Vaseline လိမ်းတာတွေ လုပ်နိုင်ပါတယ်။

၈။ ဆံပင်ပေါ် ဖြန်းပါ

သင်က ခေါင်းလျှော်ထားတယ်ဆိုရင် ဆံပင်ပေါ် ဖြန်းနိုင်ပါတယ်။ ဒါပေမဲ့ ရေမွှေးမှာ အယ်ကိုဟော ပါဝင်တာမို့ အကွာအဝေး ခပ်လှမ်းလှမ်းကနေ ဖြန်းသင့်ပါတယ်။

၉။ အနံ့တွေကို ရောကြည့်ပါ

သင့်ဆီမှာ ရေမွှေးတစ်ပုလင်း ထက်ပိုရှိရင် အနံ့ ပေါင်းလိုက်တဲ့အခါ ဘယ်လို ပြောင်းလဲသွားလဲ စမ်းကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar