သင်က ချစ်သူကောင်လေးရဲ့ အောင်မြင်အောင် ကြိုးစားတဲ့ ဘဝခရီးလမ်းမှာ ပါရမီ ဖြည့်ဘက် ဖြစ်ချင်သူ တစ်ဦးလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အောင်မြင်တဲ့ ယောက်ျားတွေရဲ့ နောက်မှာ ထက်မြက်တဲ့ အမျိုးသမီးတွေ ရှိတယ်ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။

လူတိုင်းမှာ သူတို့ ဘဝအတွက် ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ပန်းတိုင် ရည်မှန်းချက်တွေ ရှိပါတယ်။ သင်က ချစ်သူရှိတယ်ဆိုရင် သင်တိို့ စုံတွဲက အပြန်အလှန် ပံ့ပိုးအားပေးရမှာပါ။ အခုဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ ချစ်သူကောင်လေးကို အောင်မြင်အောင် ဘေးက ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

၁။ မေးခွန်းတွေမေးပါ

သူ့ရည်မှန်းချက်တွေကို သင်စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာပါ။ ဘာမှမသိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့အိပ်မက်နဲ့ ပတ်သက်ပြီး သင်သိချင်တာတွေကို အသေးစိပ် မေးမြန်းသင့်ပါတယ်။ သူက ဒီလို မေးခွန်းလေးတွေကို သဘောတကျ ဖြေပေးပါလိမ့်မယ်။ ဒီလို မေးခွန်းတွေ မေးတာက ကိုယ့်ကောင်လေးရဲ့ ရည်မှန်းချက်တွေ ဖော်ဆောင်ရာမှာ တစ်စိတ်တစ်ဒေသကနေ အထောက်အပံ့ ဖြစ်နိုင်ပါတယ်။

၂။ ပါဝင်ပတ်သက်ပါ

သင်က သူ့ရည်မှန်းချက်အတွက် သွားတဲ့ လမ်းကြောင်းမှာ ပါဝင်ခွင့် ရှိသူလား။ တကယ်လို့ ပါဝင်ခွင့် ရတယ်ဆိုရင်တော့ ဥပမာ- သူက ဂီတနဲ့ ပတ်သက်ပြီး ရည်မှန်းချက်ရှိရင် သူကြိုက်တဲ့ အနုပညာရှင်တွေရဲ့ သီချင်းတွေကို သင်ပါ လိုက်နားထောင်ပေးသင့်ပါတယ်။ သူ့အတွက် အသုံးဝင်မယ့် အကြံပေးချက်တွေကို လိုက်ကြည့်ပြီး မျှဝေပေးနိုင်ပါတယ်။ ဒီလို ဘေးက ပါပေးတာက သူ့အတွက် အကူအညီ ဖြစ်နိုင်ပါတယ်။

၃။ သူ့အတွက် ရှိနေပေးပါ

သူ့အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ မအောင်မြင်တဲ့အချိန် ရင်ဖွင့်ဖို့ရာ သင် အမြဲ အနားမှာ ရှိကြောင်း ပြသပေးသင့်ပါတယ်။ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်က ဘာပဲဖြစ်ဖြစ် ကိုယ့်အနားမှာ ရှိကြောင်း သိထားတာက စိတ်သက်သာရာ ရစေပါတယ်။

၄။ သူ့ကို အားပေးပါ

သူလုပ်ချင်တဲ့ အရာတစ်ခုကို လုပ်နိုင်အောင် သင်က ဘေးက အားပေးတာ၊ စိတ်အားထက်သန်မှုရှိအောင် မြှောက်ပင့်ပေးတာတွေ လုပ်နိုင်ပါတယ်။ တစ်ခါတလေ ကျွန်မတို့ဟာ ကိုယ့်ပန်းတိုင်နဲ့ ပတ်သက်ပြီး ဝေဝါးကာ လမ်းပျောက်တတ်လေ့ရှိပါတယ်။ သင့်ကောင်လေးသာ ဒီလို ဖြစ်လာခဲ့ရင် ဘေးကနေ အားပေးသင့်ပါတယ်။

၅။ သူ့ကို ယုံကြည်ပါ

သင်က သင့်ကောင်လေး အပေါ်မှာ ယုံကြည်မှု မရှိခဲ့ရင် အပေါ်က အချက်တွေကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ သင်က သူ့အိပ်မက်တွေ တကယ်ဖြစ်နိုင်ကြောင်း ယုံပေးဖို့ လိုအပ်ပါတယ်။ ပန်းတိုင်က ဘယ်လောက်ပဲ ဝေးကွာပါစေ ကိစ္စမရှိပါဘူး။ အရာရာက ဖြစ်နိုင်တာမို့ သင်သာ သူ့အပေါ် ယုံကြည်ရင် သူလုပ်နိုင်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar