သင်က လက်ရှိ ဝတ်ဆင်ပုံ ဖက်ရှင်ကို ပိုလှချင်သူ၊ ပုံစံပြောင်းဖို့ ကြိုးစားနေသူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တချို့ မိန်းကလေးတွေရဲ့ Glow Up Challenge တွေကို သင်ကြည့်ဖူးမှာပါ။ သူတို့က မျက်နှာနဲ့အတူ ဝတ်ဆင်ပုံစတိုင်ပါ ပြောင်းလာတတ်တာ သင်မြင်ဖူးမှာပါ။ ဒီတစ်ခေါက်မှာတော့ စတိုင် ပိုလှအောင် ကြိုးစားနေသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် မေးသင့်တဲ့ မေးခွန်းတွေကို ဖော်ပြပါရစေ။

၁။ ဘယ်ခေတ်က စတိုင်ကို သဘောကျလဲ

ကိုယ်က Y2K Fashion စတိုင်ကို ကြိုက်လား၊ ဘယ် အချိန်တုန်းက မော်ဒယ်တွေ ဝတ်တာကို အကြိုက်ဆုံးလဲ လိုက်ကြည့်သင့်ပါတယ်။

၂။ ဘယ် ဇာတ်ကောင်ရဲ့၊ ဘယ်နာမည်ကျော်ရဲ့ စတိုင်ကို ကြိုက်လဲ၊ ဘယ်ဟာကို ကြိုက်တာလဲ

ဇာတ်လမ်းတွေထဲမှာ သင်သဘောကျတဲ့ သူတွေ၊ ဇာတ်ကောင်တွေ၊ အနုပညာရှင်တွေရဲ့ ဖက်ရှင် ဝတ်ဆင်ပုံတွေ ရှိမှာပါ။ သူတို့ရဲ့ ဘယ်လို စတိုင်က သင့်ကို စိတ်လှုပ်ရှားစေတာလဲ တွေးသင့်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်စတိုင်ကို ပိုသဘောပေါက်လာပါလိမ့်မယ်။

၃။ ဘယ်အရောင်ကို ကြိုက်လဲ

သင်က တခြားသူတွေ ဝတ်တဲ့ ဖက်ရှင် စတိုင်တွေ၊ အင်္ကျီအရောင်တွေကို ကြည့်ပြီး ဘယ်အရောင်က သင့်အာရုံကို ဖမ်းစားနိုင်လဲ လိုက်ကြည့်သင့်ပါတယ်။

၄။ ငါ့အဝတ်အစားနဲ့ ဘယ်လို အကြောင်းအရာကို ပုံဖော်ချင်လဲ

သင့်စတိုင်ကနေ သင်က ပေါ့ပေါ့ပါးပါး နဲ့ လွတ်လွတ်လပ်လပ် နေတတ်သူလို့ မြင်စေချင်လား၊ အချိန်တိုင်း စမတ်ကျကျ နေသူလို့ ထင်စေချင်လား စသဖြင့် ကိုယ့်အဝတ်အစားကနေ ဘယ်လို အရာမျိုး ပြောပြချင်တာလဲ စဉ်းစားသင့်ပါတယ်။

၅။ ကလေးဘဝတုန်းက ဘယ်လို အဝတ်အစားတွေ နှစ်သက်လဲ

သင်ငယ်စဉ်က အင်္ကျီရွေးပြီဆိုရင် ဘယ်လိုလေးတွေ လိုက်ကြည့်တတ်လဲ ပြန်တွေးသင့်ပါတယ်။ ဒီလို အရာတွေက သင့်ရဲ့ တကယ့်စတိုင် ဖြစ်နေနိုင်ပါတယ်။

၆။ ဘယ်အဝတ်အစားက ငါ့ကို အလှဆုံးလို့ ခံစားရစေလဲ

အတိတ်တုန်းက သင်ဝတ်ခဲ့တဲ့ အဝတ်အစားစတိုင်တွေထဲမှာ ဘယ်စတိုင်ကို သင် အနှစ်သက်ဆုံးလဲ၊ ဘယ်အင်္ကျီလေးဝတ်တဲ့နေ့ဆို သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလဲ၊ လူတွေက သင့်ကို ဘယ်လိုလေး ဝတ်ထားရင် လှတယ်ပြောလဲ စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar