လူတွေက ပျော်ရွှင်မှုဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြတယ်။ လူတိုင်းအတွက် ပျော်ရွှင်စေတဲ့ အရာတွေက မတူညီကြဘူး။ ဒါပေမယ့် စိတ်ပညာရှင်တွေ နဲ့ အာရုံကြောပညာရှင်တွေက ဒီသဘောတရားကို လက်မခံကြဘူး။ ဘာလို့လဲဆိုတော့ လူတွေကို ပျော်ရွှင်စေတဲ့ အရာတွေအကြောင်း သူတို့သိထားကြလို့ပါပဲ။ တစ်ခါတစ်လေ ကိုယ်ကိုတိုင်တောင်မသိလိုက်ဘဲ လုပ်မိနေတတ်တဲ့ အလေ့အကျင့်တွေက လူတွေကို စိတ်မသက်မသာဖြစ်စေပါတယ်။

MyStyle Myanmar ကနေပြီး ဒီနေ့ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမှာကတော့ လူတွေကို မပျော်မရွှင်ဖြစ်စေတဲ့ အလေ့အကျင့်ဆိုးတွေ အကြောင်းပါပဲ။

အမြဲတမ်းထိုင်နေခြင်း

အထိုင်များခြင်းဟာ ယနေ့ခေတ်လူတွေရဲ့ ပြဿနာ တစ်ရပ်လိုဖြစ်နေပါပြီ။ အလုပ်ခွင်မှာလည်း တစ်နေကုန်ထိုင်ရတယ်။ အလုပ်ဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ တီဗီကြည့်ဖို့ ထိုင်ကြတယ်။

ဒီလို မလှုပ်မရှားဘဲနေခြင်းဟာ Endorphins ဟော်မုန်းနဲ့ ပျော်ရွှင်မူကို ဖြစ်ပေါ်စေတဲ့ အခြားဟော်မုန်း ပမာဏတွေကို လျှော့ကျစေပါတယ်။ နေ့စဉ် မိနစ် (၃၀) ခန့်လမ်းလျှောက်ပေးခြင်း (သို့) လေ့ကျင့်ခန်း လုပ်ပေးခြင်းက လူတွေကိုပိုပြီး လန်းဆန်းတက်ကြွစေပြီး စိတ်ကျေနပ်စေပါတယ်။

ပတ်ဝန်းကျင်မှ ဖြစ်ပျက်နေတာကို ဂရုမစိုက်ခြင်း

“မိမိဘာလုပ်နေတာလဲ” ဆိုတာထက် “ဘယ်လိုလုပ်ရမလဲ” ဆိုတာကို အာရုံစိုက်ဖို့ အရေးကြီးပါတယ်။ ဥပမာ မိန်းကလေးနှစ်ယောက်ကို ပုံဖော်ကြည့်လိုက်ပါ။ တစ်ယောက်က စိတ်တိုနေတယ်။ ဘာလို့လဲဆိုတော့ အိမ်သန့်ရှင်းရေးလုပ်နေရလို့ပါ။ သူမက အကောင်းစား စားသောက်ဆိုင်မှာ ကောင်လေးတစ်ယောက်နဲ့ ဒိတ်ချင်နေတာပါ။ ဒါပေမယ့် သူမကို ဘယ်သူမှ မဖိတ်ခေါ်ဘူး။

နောက်မိန်းကလေးတစ်ယောက်ကတော့ ပန်းကန်ဆေးနေပါတယ်။ ဒါပေမယ့် သူမကတော့ အိမ်သန့်ရှင်းရေး လုပ်ဖို့အချိန်ရလို့ ပျော်နေပါတယ်။ ပထမမိန်းကလေးဟာ ပင်ပန်းခြင်းကို ခံစားနေရပါတယ်။ ဒုတိယမိန်းကလေးကတော့ ပျော်ရွှင်နေပါတယ်။ ပစ္စုပ္ပန်မှာ ပျော်ရွှင်စွာနေထိုင်နိုင်ခြင်းက စွမ်းရည်တစ်မျိုးပါပဲ။ ပြီးတော့ အကြောက်တရားတွေ၊ နောင်တတွေ အတိတ်ဆိုးတွေရဲ့ နှောက်ယှက်ခြင်းကို အကောင်းဆုံးရင်ဆိုင် ]နိုင်ခြင်းကလည်း ဘဝကို ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းစေပါတယ်။

တစ်ကိုယ်တည်းနေခြင်း

မိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့အရွယ် ရောက်လာသည့်တိုင် လူတစ်ယောက်ချင်းစီဟာ အဖွဲ့အစည်းနဲ့နေဖို့ လိုအပ်နေပါသေးတယ်။ ဒါက သူငယ်ချင်းတွေ မိသားစုဝင်တွေကိုပဲ ပြောချင်တာမဟုတ်ပါဘူး။ ပျော်ရွှင်မှုကို ခံစားချင်တယ်ဆိုရင် လူတွေနဲ့ အဆက်အသွယ်လုပ်ဖို့လိုအပ်ပါတယ်။

လေ့လာမှုတွေအရ ဒီလိုလူတွေနဲ့ ရောရောနှောနှော နေခြင်းက စိတ်ဖိစီးမူကို လျှော့ကျစေပြီး ရောဂါတွေကို တိုက်ထုတ်ပေးတယ်လို့ ဆိုထားပါတယ်။ ပြီးတော့ မိမိကိုယ်ကို ယုံကြည်မှုလည်း တိုးစေပါတယ်။

ဖန်တီးမှုမရှိခြင်း

လူတွေမှာ ငွေအတွက်မဟုတ်ဘဲ ကျန်းမာရေးအတွက် ဝါသနာ ဖန်တီးနိုင်မှုတွေ ရှိဖို့လိုအပ်ပါတယ်။ ဖန်တီးနိုင်မှုရှိခြင်းက စိတ်ဖိစီးမှုကို လျှော့ကျစေပြီး၊ စိတ်ခံစားမှုကို တိုးတတ်စေကာ စိတ်ကျရောဂါကိုလည်း တိုက်ထုတ်ပေးပါတယ်။

ဖန်တီးမှုဆိုတာနဲ့ ကြီးကြီးမားမားတွေကို မတွေးလိုက်ပါနဲ့။ အပင်စိုက်တာ၊ နံရံဆေးသုတ်တာ၊ အိမ်အလုပ်လုပ်တာကလည်း ဖန်တီးမှုနဲ့သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးတွေကို ထိန်းချုပ်မထားပါနဲ့။ ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့လက်ထဲမှာဘဲရှိတာပါ။ ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူရတာပါ။