သင်က ဖုန်းသုံးတာ များလာပြီဆိုတာနဲ့ အရင်လို စိတ်မကြည်တော့တာကို သတိထားမိပါလိမ့်မယ်။ တကယ်လို့ သတိမထားမိဘူးဆိုရင် သေချာ စဉ်းစားကြည့်ပါ။ တခြားသူတွေ ပျော်နေတာ၊ အဆင်ပြေနေတာ၊ အောင်မြင်နေတာ၊ ပိုလှနေတာကို မြင်တဲ့အချိန် လူ့သဘာဝ အတိုင်း မနာလိုစိတ် ဖြစ်လာတတ်ပါတယ်။ ဒါတွေရဲ့ အခြေခံ ပေါက်ဖွားရာ နေရာကတော့ Social Media အသုံးများခြင်းပါ။ Social Media ပို သုံးလေလေ သူများနဲ့ နှိုင်းယှဉ်မိဖို့ အခွင့်အရေးက များလေလေ ဖြစ်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဖုန်းသုံးလွန်းတာ များနေလို့ စိတ်ချမ်းသာချင်တယ်ဆိုရင် နည်းလမ်းက တစ်ခုပဲ ရှိပါတယ်။ ဒါကတော့- ဖုန်းသုံးတာကို လျှော့ချခြင်းပါ။ ဒီတော့ လက်ထဲက ဖုန်းမချချင်သူတွေအတွက် ဒီကနေ လွတ်မြောက်ပြီး စိတ်ချမ်းသာစေဖို့ လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ နားချိန်မှ သုံးပါ

သင်က နာရီဝက် အလုပ်လုပ်ပြီးမှ ဖုန်းသုံးမယ်ဆိုတာမျိုး သတ်မှတ်သင့်ပါတယ်။ အလုပ်မရှိရင်တောင် စာလုပ်တာ၊ စာအုပ်ဖတ်တာတွေ လုပ်ပြီးနောက် ၁၀ မိနစ်ပဲ Social Media သုံးမယ်ဆိုတာမျိုး သတ်မှတ်သင့်ပါတယ်။ ပိုစိတ်ချမ်းသာဖို့ နည်းနည်းတော့ အားထုတ်ဖို့ လိုပါတယ်။

၂။ ပန်းတိုင်သတ်မှတ်ပါ

တစ်နေ့တာအတွက် ပန်းတိုင် သေးသေးလေးတွေ သတ်မှတ်ထားသင့်ပါတယ်။ ဥပမာ- စာဘယ်နှစ်ပုဒ် ပြီးအောင် ကျက်မယ် ဆိုတာမျိုးပါ။ “ငါ တစ်နာရီ စာလုပ်လို့ မပြီးမချင်း ဖုန်းမကိုင်ဘူး”ဆိုတဲ့ ပန်းတိုင်မျိုး ထားသင့်ပါတယ်။ ဒါမှမဟုတ် ငါ ဒီနေ့ ၂ နာရီပဲ လိုင်းသုံးမယ်ဆိုတာမျိုး သတ်မှတ်သင့်ပါတယ်။

၃။ Social Media သုံးတဲ့ အချိန်ကို ကန့်သတ်ပါ

သင်က ပုံမှန် ၁ နာရီ သုံးတယ်ဆိုရင် နာရီဝက်လောက် လျှော့သုံးတာမျိုး လုပ်သင့်ပါတယ်။ ဒီလို ပိုလျှော့သုံးလေလေ ပြင်ပ အလှပတ်ဝန်းကျင်တွေကို ပိုသတိထားမိလေ ဖြစ်ပါလိမ့်မယ်။ လျှော့သုံးတာနဲ့ သင် ပို စိတ်ချမ်းသာလာပါလိမ့်မယ်။

၄။ တစ်နာရီ သတ်မှတ်ခြင်း

ကျွန်မတို့ဟာ အိပ်ခါနီး ဖုန်းသုံးကြတာမို့ တော်တော်နဲ့ အိပ်မပျော်တတ်ကြပါဘူး။ ဒါကြောင့် မအိပ်ခင် တစ်နာရီ အလိုမှာ လုံးဝ ဖုန်းမသုံးတော့ဘူး၊ မနက်အိပ်ရာနိုးတာနဲ့ တစ်နာရီကြာ စောင့်ပြီးမှ ဖုန်းသုံးမယ် စသဖြင့် သတ်မှတ်သင့်ပါတယ်။

၅။ အလုပ်များအောင်နေပါ

အင်တာနက် သုံးတာ များတဲ့သူတွေ ပိုစိတ်ချမ်းသာချင်တယ်ဆိုရင် ဖုန်းသုံးရမယ့်နေရာမှာ တခြားအလုပ်တွေနဲ့ အစာထိုးသင့်ပါတယ်။ ဥပမာ- To-Do List လုပ်တာမျိုး၊ လေ့ကျင့်ခန်း လုပ်တာမျိုး၊ အပြင်ထွက်တာမျိုး၊ သူငယ်ချင်းဆီ ဖုန်းဆက်တာမျိုး၊ ချက်ပြုတ်တာမျိုး ဒါမှမဟုတ် ကိုယ်ကြိုက်တာ တစ်ခုခု လုပ်တာမျိုးနဲ့ အစားထိုးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar