အမျိုးသား အချို့ဟာ သူတို့ရဲ့ နေထိုင်မှု ပုံစံ၊ မှားယွင်းတဲ့ အစားအသောက် ပုံစံတွေကြောင့် ဝိတ်တက်ကာ ဗိုက်ပူပြီး ဝလာတတ်ကြပါတယ်။ မိန်းကလေး အများစုက ဝတ်ချင်တာ ဝတ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝိတ်ချဖို့ စဉ်းစားတတ်ပေမယ့် အမျိုးသားတွေကတော့ ဒီလို ရည်ရွယ်ချက် သိပ်မထားတတ်ကြပါဘူး။ သင့်အနေနဲ့ သင်ချစ်ရတဲ့ သူတွေကို ကျန်းမာစေချင်မှာပါ။ သင့်ကောင်လေး ဝိတ်တက်လာတာကို ဒီအတိုင်း ပြောချလိုက်ရင်လည်း သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးနိုင်ပါတယ်။ ဒီတော့ မသိမသာ ပြောနိုင်မယ့်၊ ဝိတ်ချပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ နှစ်ယောက်လုံး ချွေးထွက်အောင် နေပါ

သင်တို့ နှစ်ဦးက အတူတူ အက သင်တန်းတက်တာ၊ အားကစား တစ်ခုခု လုပ်တာမျိုး လုပ်သင့်ပါတယ်။ သင်က ကောင်လေးနဲ့ ဒိတ်တဲ့အခါ မုန့်ဆိုင် မထိုင်တော့ဘဲ နှစ်ယောက်လုံး ချွေးထွက်စေမယ့် အရာမျိုး လုပ်သင့်ပါတယ်။

၂။ သူနဲ့အတူ သောက်ဖော်သောက်ဖက်

ဘီယာဗိုက်ဆိုတာကို သင်ကြားဖူးမှာပါ။ သင့်ကောင်လေးက အရက်တွေ၊ ဘီယာတွေကို မရှောင်နိုင်ရင် ဝိတ်တက်လာပါလိမ့်မယ်​။ ဒါကြောင့် သူသွားသောက်တာနဲ့ သင်ပါ လိုက်သင့်ပါတယ်။ သောက်တဲ့အချိန် တစ်ခွက်သောက်ပြီးတာနဲ့ သူ့ကို ရေတိုက်တာမျိုး လုပ်သင့်ပါတယ်။ အရက်ဘီယာ ကြား ရေကို ထည့်လိုက်တဲ့အခါ ပိုမသောက်မိစေတော့ပါဘူး။

၃။ ပြိုင်ပါ

ယောကျာ်းလေးတွေက ပြိုင်ပွဲတွေနဲ့ ပတ်သက်ရင် ပြိုင်ဆိုင်ချင်စိတ် ပြင်းထန်ကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူနဲ့ ပြိုင်သင့်ပါတယ်။ ဒီလိုဆိုရင် သူ ဝိတ်တက်လာတယ်လို့ ပြောစရာမလိုဘဲနဲ့ကို သူဝိတ်ကျလာပါလိမ့်မယ်။ အားကစား တစ်ခုခုမှာ ပြိုင်တာမျိုး၊ ကိုယ်အလေးချိန် ဘယ်သူ အမြန်ကျမလဲ ပြိုင်တာမျိုး လုပ်သင့်ပါတယ်။

၄။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ မိတ်ဆက်ပေးပါ

သူစားနိုင်မယ့် သူသဘောကျမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ရုတ်တရက်ကြီး အစားဖျက်လိုက်တာမျိုး မဟုတ်ဘဲ ဖြည်းဖြည်းချင်း တိုက်တွန်းသွားသင့်ပါတယ်။

၅။ Gym တူတူဆော့ပါ

နာမည်ကျော် မင်းသား အဆိုတော် Justin Timberlake က အားကစားလိုက်စားတဲ့ မင်းသမီး Jessica Biel နဲ့ တွဲပြီးနောက်ပိုင်း ခန္ဓာကိုယ် ပိုမိုက်လာတာကို ပရိတ်သတ်အချို့ သိကြပါတယ်။ သူများကို မပြောင်းလဲခင် ကိုယ့်ဘာကိုယ် ပြောင်းလဲဖို့လည်း လိုပါတယ်။ ကိုယ်က ဦးဆောင်ပြီး သူနဲ့ တူတူ Gym ဆော့သင့်ပါတယ်။

ဒီအချက်တွေကို ကြိုးစားလုပ်ကြည့်မယ်ဆိုရင် သင့်ကောင်လေး ဝိတ်ပိုကျလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar