ပျိုမေတို့ထဲမှာ အဆီပြန်လွယ်တဲ့ Oliy Skin သမားတွေရှိကြလား။ အဆီပြန်တာက အသားအရေအတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိတတ်ပါတယ်နော်။ ဥပမာပြောရရင် အဆီပြန်တဲ့သူတွေက အဆီနဲ့အတူ ချွေးတွေ၊ ဖုန်တွေ ချွေးပေါက်ထဲပိတ်မိပြီး ဝက်ခြံထွက်ဖို့ လွယ်သလို တစ်ဖက်မှာ Dry Skin ပြဿနာတွေဖြစ်တဲ့ အသားခြောက်တာ၊ အရေးအကြောင်းထွက်တာတွေကတော့ ဖြစ်နိုင်ချေနည်းပါတယ်။
သင်က Oily Skin ရှိသူတစ်ယောက်ဆိုရင် ကိုယ်နဲ့သင့်တော်မယ့် ထိန်းသိမ်းနည်းဆောင်ရန်ရှောင်ရန်တွေကို သိထားတာ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ Oily Skin အတွက် အဆီပြန်တာသက်သာစေမယ့် ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မျက်နှာသစ်တာ၊ ချေးချွတ်တာ အလွန်အကျွံမလုပ်ပါနဲ့
ချွေးပေါက်ထဲအဆီတွေမရှိအောင် ချွေးပေါက်အတွင်းပိုင်းအထိ မျက်နှာကို သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် လိုတာထက်ပိုလုပ်မိရင်တော့ အရေပြားအစိုဓာတ်တွေပါ ဆုံးရှုံးပြီး မျက်နှာအဆီတွေပိုထွက်လာမှာပါ။ တစ်နေ့ကို နှစ်ကြိမ်ထက် မျက်နှာပိုသစ်ဖို့ မလိုသလို မျက်နှာချေးချွတ်မယ်ဆိုရင်လည်း တစ်ပတ်နှစ်ကြိမ်လောက်ပဲ လုပ်ပေးတာ ပိုကောင်းပါတယ်။
၂။ Sunscreen သေချာလိမ်းပါ
ဘယ် Skin Type အတွက်မဆို Sunscreen က မရှိမဖြစ်လိုပါတယ်။ အပြင်ပဲထွက်ထွက်၊ အိမ်မှာပဲနေနေ မနက်ပိုင်းတွေမှာ Sunscreen ကို မျက်နှာတစ်ခုလုံး Coverage ဖြစ်အောင်လိမ်းပေးပါ။ အဆီပြန်တတ်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး စိမ့်ဝင်မှုကောင်းတဲ့ Gel Type Sunscreen လေးတွေ သုံးသင့်ပါတယ်။
၃။ Skincare အမျိုးအစားတွေ စုံနေအောင်မသုံးပါနဲ့
Skincare ကိုသုံးနေကျထက် အသစ်ပြောင်းသုံးရတာကြိုက်တဲ့သူတွေအနေနဲ့ တစ်ခုခုသုံးပြီးတဲ့အခါ ကိုယ့်အသားအရေရဲ့ တုံ့ပြန်မှုအပေါ်လိုက်ပြီး အသားကျအောင်စောင့်ပြီးမှ ပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ရက်နှစ်ရက်နဲ့ နောက်တစ်မျိုးပြောင်းသုံးတာ၊ အမျိုးအစားတွေစုံနေအောင် စမ်းသုံးတာမျိုးက ရေရှည်မှာ အသားအရေပျက်စီးလာမှာပါ။
၄။ မျက်နှာကို လက်နဲ့ထိတာမျိုးရှောင်ပါ
အဆီပြန်နေတဲ့မျက်နှာကို လက်နဲ့ကိုင်တာ၊ ဝက်ခြံထွက်နေတဲ့အချိန် မျက်နှာကိုင်တာတွေက သင့်အသားအရေကို ပိုဆိုးစေပါတယ်နော်။ လက်ကတစ်ဆင့် မျက်နှာမှာဘက်တီးရီးယားတွေပြန့်ပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံတွေထွက်လာမှာပါ။
၅။ Oily Skin အတွက်ထုတ်ထားတဲ့ Moisturizer မျိုးသုံးပါ
Oily Skin မှာလည်း အစိုဓာတ်မျှနေဖို့ လိုတာမို့ Moisturizer သုံးဖို့မမေ့ပါနဲ့နော်။ အဆီပြန်သူတွေက ပေါ့ပေါ့ပါးပါးနဲ့ စိမ့်ဝင်အားကောင်းတဲ့ Gel Type လေးတွေ သုံးသင့်တယ်လို့ အရေပြားဆရာဝန်တွေက အကြံပေးထားပါတယ်။ များသောအားဖြင့် Gel အမျိုးအစားတွေက ရေဓာတ်အခြေခံတာမို့ Oil Free ဖြစ်ပြီး စေးကပ်မှုမရှိဘဲ အဆီပြန်သူတွေနဲ့အဆင်ပြေမှာပါ။
Photo Source: Pinterest
By MyStyle Myanmar