လမ်းခွဲပြီးနောက် ခံစားရတဲ့ အသည်းကွဲဝေဒနာဟာ ကုရာနတ္တထိ ဆေးမရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ပိုချစ်ရတဲ့သူက ပိုခံစားရစမြဲပါပဲ။ အချို့ကလည်း လမ်းခွဲ ပြီးနောက်မှာ အမျိုးသားတွေက ဘယ်လိုမှ မခံစားကြရဘူးလို့ အထင်အမြင် လွဲမှားနေတတ်ကြပါတယ်။

ဒါပေမယ့် ထိုအရာက မမှန်ပါဘူး။ စိတ်ပညာရှင်များရဲ့ လေ့လာချက်အရ လမ်းခွဲပြီးနောက်မှာ အမျိုးသားတွေဟာ အမျိုးသမီးများထက် ပိုမိုနာကျင်ခံစားကြရပါတယ်။ သူတို့က သူတို့ရဲ့ ခံစားချက်ကို ဖော်မပြရုံသာရှိတာပါ။

ကွယ်ရာမှာပဲ ကြိတ်ခံစားနေကြတယ်

လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေအရ ကျားကျားလျားလျား ယောကျာ်းဆိုရင် မငိုရဘူး။ ယောကျာ်းတွေက အမြဲတမ်း သန်မာနေရမယ် အစရှိတဲ့ စံသတ်မှတ်ချက်များကြောင့် အမျိုးသားတွေဟာ အသည်းကွဲဒဏ်ရာကြောင့် ငိုချင်ပေမယ့်လည်း လွတ်လွတ်လပ်လပ် မငိုရဲကြပါဘူး။ ကွယ်ရာမှာပဲ ကြိတ်ငိုနေတတ်ကြပါတယ်။ ဘာမှမဖြစ်သလို မျက်နှာပေါ်မှာ ဟန်ဆောင်နေရပေမယ့် သူတို့ရဲ့ စိတ်ထဲမှာတော့ အလွန်အမင်း ခံစားနေကြရတာဖြစ်ပါတယ်။

သူတို့ရဲ့ အသည်းကွဲ ဝေဒနာအတွက် အွန်လိုင်းပေါ်ကနေ အကြံဥာဏ်များ တောင်းခံလေ့ရှိကြတယ်

သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ အွန်လိုင်းပေါ်မှာ ချစ်ရေးချစ်ရာ အကူအညီတောင်းခံကြတဲ့ ပို့စ်များကို စိစစ်လေ့လာကြည့်ပြီးတဲ့နောက်မှာတော့ ၅၅ ရာခိုင်နှုန်းသော ပို့စ်တွေက အမျိုးသားများထံမှ ဖြစ်ကြပြီး ကျန် ၄၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးများထံမှ ဖြစ်ပါတယ်။ ဒါ့ကြောင့် လမ်းခွဲပြီးနောက် အသည်းကွဲကြတဲ့သူတွေထဲမှာလည်း အမျိုးသားများ ပါဝင်နေပါတယ်။

ဘာ့ကြောင့် သိပ္ပံပညာရှင်များက ဒီလိုမျိုး သုတေသနပြုကာ လေ့လာခဲ့ကြသလဲ

သိပ္ပံပညာရှင်တွေက ဒီလေ့လာတွေ့ရှိချက်များကြောင့် အမျိုးသားများအပေါ် အမြင်နှင့် ပတ်သက်ကာ ဝေဖန်ဆုံးဖြတ်နေကြခြင်းကို ရပ်တန့်စေလိုခြင်းကြောင့် ဒီသုတေသနကို ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဖြစ်တာနဲ့ပဲ စိတ်ဓာတ်ပျော့ညံ့လို့ မရဘူး၊ ငိုလို့မရဘူးဆိုတဲ့ စံသတ်မှတ်ချက်များက အမျိုးသားများကို ဟန်ဆောင်လာတတ်အောင် တွန်းပို့နေကြတာပဲ ဖြစ်ပါတယ်။

အမျိုးသားများသည်လည်း အသွေးနဲ့အသားနဲ့ တည်ဆောက်ထားကြတဲ့ လူသားတစ်ယောက်ဖြစ်တဲ့အားလျော်စွာ ဝမ်းနည်းစရာရှိရင် ငိုကြွေးမယ်၊ အားငယ်စရာရှိရင် စိတ်ဓာတ် အနည်းငယ် ယိုင်နဲ့သွားမယ် အစရှိတဲ့ လောကဓံတရားများကို ကြုံတွေ့နေရမှာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေအမျိုးမျိုးပေါ်လိုက်ပြီး စိတ်ခံစားချက်များကို သူတို့ပုံဖော်ချင်တဲ့ ပုံစံအတိုင်း အပြည့်အဝ ပုံဖော်နိုင်ပါတယ်။ ဒါသည် လူသားတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ပိုင်ခွင့်ပဲမဟုတ်လား။

Source: Brightside.me