အမြဲတင်းရင်းပြီး နုပျိုနေဆဲဖြစ်တဲ့ မျက်နှာအသားအရေမျိုးကို လူတိုင်းလိုချင်ကြမှာပါနော်။ အိုမင်းရင့်ရော်မှု နှောင့်နှေးဖို့အတွက် အသားအရေထိန်းသိမ်းတဲ့နေရာမှာ မျက်နှာကိုနှိပ်နယ်ပြီး ယောဂလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာကလည်း ထိရောက်မှုရှိပါတယ်။ မျက်နှာယောဂလုပ်တဲ့အခါ အရေပြားတွင်း ကြွက်သားတင်းရင်းပြီး သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ဆဲလ်အသစ်တွေ လည်ပတ်စေပြီး တော်ရုံနဲ့အရေးအကြောင်းမထွက်အောင် ကာကွယ်ပြီးသားဖြစ်စေတာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ရှိရင်းစွဲအသက်ထက် ထက်ဝက်လောက်ငယ်နေသလိုမြင်ရအောင် ပြုပြင်ပေးမယ့် မျက်နှာယောဂလေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Face Tapping Yoga


မျက်နှာကြွက်သားတွေဖြေလျော့စေမယ့် Stretch ဖြစ်ပါတယ်။ လက်ချောင်းထိပ်လေးတွေသုံးပြီး နဖူးကနေ မေးစေ့အထိ မျက်နှာတစ်ပြင်လုံး ခပ်ဖွဖွပုတ်ပေးရမှာပါ။ ပုံမှန်အနေနဲ့ တစ်နေ့ကို နှစ်မိနစ်ပြည့်အောင် ပုတ်ပေးပါ။

Eye Circle


မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းနဲ့ မျက်ကွင်းညိုပြီး အသားတွဲကျတာတွေသက်သာစေမယ့် ယောဂဖြစ်ပါတယ်။ မျက်ခုံးနဲ့ မျက်လုံးကြားမှာ လက်သကြွယ်တင်ပြီး ဖြေးဖြေးချင်း ပုတ်ကာ မျက်လုံးဘေး နားထင် နားရောက်အောင် ဆွဲသွားပါ။ နားထင်ကနေ ပါးမို့နားအထိ ပြန်ဆင်းလာပြီး လက်ချောင်းထိပ် နှစ်ချောင်းသုံးကာ ပုတ်ပေးပါ။ ဒီအတိုင်း တစ်မိနစ်လုပ်ပေးရပါမယ်။

Forehead Smoother


ဒီ Pose အတွက် လက်နှစ်ဖက်စလုံးက လက်ညိုးနဲ့ လက်ခလယ်နှစ်ချောင်းကို နဖူးမှာဖိတင်ထားပါ။ မျက်ခုံးကိုပင့်ပြီး လက်ချောင်းတွေကို မျက်ခုံးအောက်နားရောက်အောင် ဖြေးဖြေးချင်း လျှော့ချလိုက်ပါ။ ၁၀ စက္ကန့်လောက်နေပြီး နောက်တစ်ခေါက်ပြန်လုပ်ပေးရပါမယ်။ ဒီအတိုင်း ၁မိနစ်ပြည့်အောင်လုပ်ပေးပါ။ သူက နဖူးပေါ်ကအရေးအကြောင်းတွေနဲ့ မျက်ခွံတွဲကျတာတွေမဖြစ်အောင် ထိန်းသိမ်းပေးပြီး မျက်နှာတင်းရင်းစေပါတယ်။

Lower Eyelid Firmer


မျက်အိတ်ဖောင်းတာသက်သာပြီး မျက်လုံးအောက်အသားအရေ တင်းရင်းစေတဲ့ Pose ဖြစ်ပါတယ်။ ဒါအတွက် လက်ခလယ်နဲ့ လက်ညိုးကို အောက်မျက်ခွံမှာ အက္ခရာ V ပုံစံတင်ထားလိုက်ပါ။ ပြီးနောက် မျက်လုံးဖွင့်ထားပြီး သင့်လက်ညိုးနဲ့ အောက်မျက်ကွင်းတစ်ဝိုက်လှည့်ပွတ်ပေးရမှာဖြစ်ပါတယ်။ ဒီပုံအတိုင်း ၁၀ ကြိမ်လောက် ပြုလုပ်ပေးသင့်ပါတယ်။

Lion Face

Photo Source: Femina.in

အသက်ပြင်းပြင်းရှုသွင်းပြီး မျက်လုံးမှိတ်ကာ လျှာအသွင်းအထုတ်လုပ်ပေးပါ။ ပါးစပ်ကတစ်ဆင့် အသက်ရှုထုတ်ပြီး ၁၀ စက္ကန့်လောက်ထိန်းထားပေးရပါမယ်။ မျက်နှာကြွက်သားတွေကို Stretch လုပ်ပေးရာရောက်သလို နုပျိုစေတဲ့ Collagen ဓာတ်ထုတ်လုပ်မှုတက်စေမယ့် လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar