လေ့လာမှုတွေအရ အမေရိကန်လူမျိုးတွေဟာ အိပ်ချိန်မလုံလောက်တဲ့ ပြဿနာကြောင့် ပျမ်းမျှ တစ်ပတ်မှာ ၃ ရက်လောက် အိပ်ငိုက်နေတတ်ကြပြီး တချို့ဆိုရင် တစ်ပတ်မှာ ၅ရက်ကနေ ၇ ရက်လောက်ထိကို အိပ်ငိုက်ခြင်းတွေဖြစ်တက် တယ်လို့ဆိုပါတယ်။

အိပ်စက်ခြင်းဟာ စိတ်ခံစားမှုကိုမြှင့်တင်ပေးပြီး နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ သို့သော်လည်း အိပ်ရေးပျက်တဲ့ရက်တွေများလာမယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ဆိုးကျိုးတွေများစွာ သက်ရောက်လာနိုင်ပါတယ်။ ဒီနေ့တော့ အိပ်ချိန်လုံလုံလောက်လောက်မရရင် ကိုယ်ခန္ဓာမှာ ဘာဖြစ်လာနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) Microsleeps ဖြစ်လာနိုင်တယ်

အိပ်ချိန်လုံလောက်စွာမရတဲ့အခါ Microsleeps လို့ခေါ်တဲ့ အလွန်အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်လာနိုင်ပါတယ်။ Microsleeps ဆိုတာကတော့ (ရုတ်တရက်အိပ်မောကျခြင်း) စက္ကန့်အနည်းငယ်ကြာ ရုတ်တရက်အိပ်ပျော်သွားတာမျိုးပါ။ အလုပ် ၊ ကျောင်း နဲ့ ကားမောင်နေစဉ်အချိန်မျိုးတွေမှာ Microsleeps ဖြစ်မယ်ဆိုရင် အရမ်းကိုအန္တရာယ်များတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

(၂) အိုမင်းရင့်ရော်စေတယ်

အိပ်ရေးပျက်တဲ့အခါ Cortisol အများအပြား ထွက်ပေါ်စေပြီး ၎င်းက အသားအရေနုပျိုခြင်းကိုထိန်ပေးတဲ့ ကော်လာဂျင်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် အသားအရေပျက်စီးခြင်းနှင့် အိုမင်းရင့်ရော်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ လေ့လာမှုအရ ကောင်းစွာအိပ်စက်သူတွေဟာ အိပ်ရေးပျက်များသူတွေဟာ အသားအရေ အိုမင်းရင့်ရော်မှုနည်းပါးပါတယ်။

(၃) ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့ကျစေတယ်

၂ ရက်ဆက်တိုက်အိပ်ရေးပျက်ရုံနဲ့ လူတစ်ယောက်ဟာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းတွေ ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့ကျလာစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။ အိပ်ရေးပျက်ခြင်းက စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ကျစေတာကြောင့် ဆုံးဖြတ်ချက်ချရမယ့် မေးခွန်းတွေကိုပင်ကောင်းစွာဖြေနိုင်ခြင်းရှိတော့မှာမဟုတ်ပါဘူး။

(၄) အဆိုးမြင်စိတ်များစေတယ်

အိပ်ရေးပျက်ခြင်းက စိတ်ခံစားမှုကိုဆိုးရွားစေပြီး စိတ်တိုလွယ်ခြင်း ဒေါသဖြစ်လွယ်ခြင်း အဆိုးမြင်စိတ်များခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ အိပ်ရေးပျက်ထားတဲ့ လူတစ်ယောက်ရဲ့မျက်နှာမှာ မကောင်းတဲ့စိတ်ခံစားချက်တွေကို မြင်နေရနိုင်ပြီး တခြားသူတွေကို အပြုသဘောဆောင်တဲ့တုန့်ပြန့်မှုတွေ မပြနိုင်တဲ့အထိ ဖြစ်နေတက်ပါတယ်။

(၅) စိတ်အာရုံချောက်ချားမှုကိုဖြစ်စေနိုင်တယ်

အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းမရှိဘူးဆိုရင် သိမှုဆိုင်ရာအမြင်မှားများနှင့် စိတ်အာရုံချောက်ခြားခြင်းများဖြစ်စေနိုင်ပါတယ်။ သံသရလွန်ကဲခြင်း ၊ အမြင်အာရုံလွဲမှားခြင်းတွေနဲ့ တကယ်မရှိတဲ့အရာတွေကို ထင်ယောင်ထင်မှားမြင်ရတာတွေက ကာလကြာရှည်အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးတွေပါပဲ။ ဒါကိုဖြေရှင်းဖို့ဆိုရင် ကောင်းစွာအိပ်စက်အနားယူသင့်ပါတယ်။

(၆) ကိုယ်အလေးချိန်တက်လာမယ်

အိပ်ရေးပျက်ခြင်းနဲ့ အစားစားချင်စိတ်ကိုပိုဖြစ်စေတာက ဆက်စပ်မှုရှိတဲ့ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း ချီကာဂိုတက္ကသိုလ်မှ ဆရာဝန်များကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက အတည်ပြုထားပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အစားအစားတွေကို များများစားသုံးလာတက်ကြပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့အခါ ကိုယ်အလေးတက်ခြင်း အဝလွန်ခြင်းတွေဖြစ်လာနိုင်တာပါ။

Source : Brightside