အကြောင်းအမျိုးမျိုးကြောင့် စိတ်ရှုပ်တဲ့အချိန်ဆိုတာ ရှိတာပါပဲ။ ဒီလိုအချိန်မှာ စိတ်ရှုပ်တာ အရမ်းများလာရင် ဘာမှကိုမလုပ်နိုင်တော့ပဲ ဒေါသထွက်၊ ရှိသမျှအကုန် ကိုင်ပေါက်ချင်စိတ်၊ အော်ဟစ်ပစ်ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် စိတ်ရှုပ်နေတဲ့အချိန်မှာ ပြန်ပြီး စိတ်ကြည်လင်သွားဖို့ ကူညီပေးနိုင်မယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

အပြင်ထွက်လမ်းလျှောက်ပါ

စိတ်ရှုပ်လာပြီဆိုရင် ဘာမှထိုင်စဉ်းစားမနေပါနဲ့။ အပြင်ထွက်လမ်းလျှောက်ပြီး လေကောင်းလေသန့် ရှူ လိုက်ပါ။ စိတ်စိတ်ထွေးနေတာတွေ လျော့ကျသွားပြီး စိတ်ပြန်ကြည်လာပါလိမ့်မယ်။ လမ်းလျှောက်မယ်ဆိုရင် လူရှုပ်တဲ့နေရာတော့ မသွားပါနဲ့။ ပိုပြီး စိတ်ရှုပ်လာပါလိမ့်မယ်။

စားချင်တာတွေစားပါ

ကိုယ်ကြိုက်တဲ့ အစားအသောက်တွေ စားရပြီဆိုရင် လူတိုင်းက စိတ်ကျေနပ်ပြီး ပျော်ရွှင်ကြပါတယ်။ ဒါကြောင့် ဘာမှစဉ်းစားမနေပဲ စားချင်တာတွေကိုသာ စားပစ်လိုက်ပါ။ စိတ်ပေါ့သွားပါလိမ့်မယ်။

သီချင်းနားထောင်ပါ

စိတ်ရှုပ်နေရင် မျက်လုံးလေးမှိတ်ပြီး တိတ်ဆိတ်တဲ့နေရာမှာ နားကျပ်လေးတပ် သီချင်းနားထောင်လိုက်ပါ။ အပြင်သွားနေတဲ့အချိန်ဆိုလည်း အပြင်ကိုငေးရင်း သီချင်းနားထောင်လိုက်ပါ။ စိတ်ရှုပ်ထွေးနေတာတွေ လျော့ကျသွားပါလိမ့်မယ်။

ရုပ်ရှင်ကြည့်ပါ

တိတ်ဆိတ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ကိုယ့်အခန်းထဲမှာပဲဖြစ်ဖြစ် တစ်ယောက်ထဲ ဟာသကားတွေ၊ ကြည်နူးစရာကားတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ကားတွေကို ထိုင်ကြည့်နေမယ်ဆိုရင် ရုပ်ရှင်ထဲကို စိတ်နှစ်ထားတဲ့အတွက် စိတ်ရှုပ်နေတာ၊ ဒေါသထွက်နေတာတွေ လျော့ကျပြီး စိတ်သက်သာရာ ရသွားပါလိမ့်မယ်။

တရားထိုင်ပါ

စိတ်ရှုပ်နေချိန်မှာ ချက်ချင်းကို စိတ်သက်သာရာရပြီး စိတ်တည်ငြိမ်ချင်တယ်ဆိုရင်တော့ တရားထိုင်ပါ။ တိတ်ဆိတ်တဲ့နေရာ၊ လေကောင်းလေသန့်ရတဲ့နေရာမှာ တရားထိုင်ပါ။ ကြာကြာထိုင်နိုင်လေ ကောင်းလေပါပဲ။