Relationship တစ်ခုမှာ စိတ်ဖိစီးမှုများတယ်ဆိုတာက တစ်ဖက်လူနဲ့သက်ဆိုင်သလို ကိုယ့်ရဲ့စိတ်နဲ့လည်း ဆိုင်ပါတယ်။ တချို့ကတော့ ချစ်သူက ဘာမှမလုပ်ပေမယ့် ကိုယ်တိုင်ကိုက အတွေးမျိုးစုံနဲ့ စိတ်ဖိစီးခံနေတာပါ။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုနည်းအောင် နေနိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ့်စိတ်တိုင်းကျပြောင်းလဲခိုင်းဖို့မကြိုးစားပါနဲ့
ကိုယ့်ချစ်သူကို ကိုယ်လိုချင်သလို ပုံသွင်းပြီး ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် တစ်ဖက်လူကလည်း အစပိုင်းတော့ လိုက်လုပ်ပေးပေမယ့် နောက်ပိုင်းကျရင် ချုပ်ချယ်တယ်ဆိုပြီး မွန်းကြပ်လာပါလိမ့်မယ်။ တစ်ဖက်လူက ကိုယ့်စိတ်တိုင်းကျ မလုပ်ပေးတဲ့အခါ ကိုယ်တိုင်လည်း စိတ်ညစ်လာမယ်၊ ခဏခဏရန်ဖြစ်စကားများရပြီး စိတ်ပင်ပန်းလာပါမယ်။ ဒါကြောင့် စိတ်ဖိစီးမှုနည်းချင်ရင် ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲခိုင်းဖို့ မကြိုးစားပါနဲ့။
Overthinking အရမ်းမဖြစ်ပါနဲ့
Overthinking အရမ်းဖြစ်ရင် ကိုယ့်အတွေးနဲ့ကိုယ် ပိုပြီးတော့ စိတ်ဖိစီးရပါတယ်။ တွေးလွန်းရင် ကိစ္စသေးသေးလေးကတောင် အကြီးကြီးဖြစ်သွားပြီး စိတ်ဆင်းရဲရမှာပါ။ တွေးလွန်းတော့ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော ခေါင်းထဲဝင်လာပြီး ပိုပင်ပန်းရပါတယ်။ ဒါကြောင့် Overthinking အရမ်းမဖြစ်ပါနဲ့။
သံသယမများပါနဲ့
ကိုယ့်ချစ်သူအပေါ်မှာ မယုံဘူးဆိုရင် မတွဲတာကောင်းပါတယ်။ ဒါပေမယ့် တစ်ဖက်လူကလည်း ဘာမှမလုပ်ပဲနဲ့ ကိုယ်တိုင်ကိုက အလကားနေရင်း သံသယများနေတာမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲအောင် စိတ်ဖိစီးအောင် လုပ်နေတာပါပဲ။ ကြာလာရင် တစ်ဖက်လူကလည်း စိတ်ပျက်ပြီး ထွက်သွားနိုင်ပါတယ်။
စွပ်စွဲတာတွေမလုပ်ပါနဲ့
စွပ်စွဲတယ်ဆိုတာကတော့ မယုံကြည်မှုတွေ၊ သံသယဖြစ်မှုတွေကနေ လာတာပါပဲ။ ကိုယ့်ချစ်သူကို သဝန်တိုတာက ဘာမှမဖြစ်ပေမယ့် ခဏခဏ လိုက်စွပ်စွဲနေတာမျိုးတွေကျတော့ တစ်ဖက်လူက စိတ်ပျက်လာမှာပါ။ ကိုယ်တိုင်လည်း စွပ်စွဲပြီဆိုထဲက ကိုယ့်အတွေးထဲမှာ အရင်ပူလောင်ပြီး စိတ်ညစ်ရတာပါ။ ဒါကြောင့် အရာရာကို တစ်ခုချင်းစီကြည့်ပြီး လိုက်ပြောနေတာမျိုးတွေ၊ စွပ်စွဲနေတာမျိုးတွေ မလုပ်ပါနဲ့။ စိတ်ကို ပေါ့ပေါ့ပါးပါးပဲ ထားလိုက်ပါ။ ဒါဆိုရင်တော့ စိတ်ဖိစီးမှုတွေ နည်းသွားမှာပါ။