အိမ်ထောင်ရေး (သို့) ချစ်သူ သူငယ်ချင်း ဆက်ဆံရေးတိုင်းမှာ အမြဲပျော်ရွှင်နေဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်ဖို့က တကယ်ကို အရေးကြီးတဲ့အရင်းအမြစ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် မလွှဲမရှောင်သာလို့ဘဲဖြစ်ဖြစ် သို့မဟုတ် သဘောထားမတိုက်ဆိုင်လို့ဘဲဖြစ် စကားများကြတဲ့အချိန်တွေလည်း ရှိကြစမြဲပါ။
အဆိုးမြင်တဲ့စိတ်တွေနဲ့ အပြန်အလှန်ပြောဆိုကြတဲ့အခါ မပျော်မရွှင်ကြတော့ဘဲ နောက်ဆုံးမှာတော့ လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားလေ့ရှိကြပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။
စိတ်ဝင်စားပါ
တကယ်တော့ သမီးရည်းစား ဒါမှမဟုတ် လင်မယားဆက်ဆံရေးမှာ သိချင်စိတ်ပြင်းပြမှုက ဆက်ဆံရေးကို ပိုကောင်းစေပြီး စုံတွဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို အားကောင်းစေပါတယ်။ သင့်ချစ်သူ အိမ်ထောင်ဖက်ရဲ့ အတွေးများ၊ ခံစားချက်များ၊ ထင်မြင်ချက်များ၊ နှစ်သက်မှုများ၊ ထူးခြားမှုများ၊ ကြောက်ရွံ့မှုများနဲ့ အိပ်မက်များ အပါအဝင် သူနဲ့ပတ်သတ်တဲ့အရာတွေကို စိတ်ဝင်စားပြီး မှတ်ထားသင့်ပါတယ်။
ကျေးဇူးတင်ပါ
တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးတင်စကားပြောတာက အရေးကြီးသလို ပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်ဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။ တစ်ယောက်ကို တစ်ယောက် ကြင်နာမှုချစ်မြတ်နိုးမှု၊ လေးစားမှုနဲ့ ထောက်ခံမှုကို ဖော်ပြဖို့အတွက် “ကျေးဇူးတင်ပါတယ်” ဟု ပုံမှန်ပြောခြင်းဖြင့် စတင်လိုက်ပါ။
ချစ်ခင်မှုကို ဖော်ပြပါ
ချစ်သူအိမ်ထောင်ဖက်ကို လက်လေးယုယုယယကိုင်တာ၊ ရင်ခုန်စရာကောင်းတဲ့ အနမ်းတစ်ခုပေးတာ ဒါမှမဟုတ် ပွေ့ဖက်နှုတ်ဆက်တာ စတဲ့နည်းတွေနဲ့ သင့်ချစ်ခြင်းမေတ္တာကို မကြာခဏ ဖော်ပြလိုက်ပါ။
သူ့အမြင်ကို လက်ခံပါ
ပဋိပက္ခကို သိသိသာသာ လျော့နည်းစေတဲ့နည်းလမ်းတစ်ခုကတော့ သူ့အမြင် ကိုယ့်အမြင်ကို အပြန်အလှန် လက်ခံပေးဖို့ပါ။ အမြင်မတူလို့ စကားများကြတဲ့အခါ သူ့အမြင်ကို သဘောမတူနိုင်ဘူးဆိုရင်တောင်မှ သူ့အမြင်ကိုတော့ လေးစားဖို့တော့မမေ့ပါနဲ့။
ဟာသလုပ်ပါ။
တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ကျီစယ်တာ ၊ ဟာသလေးတွေ ဝေမျှရင်း အတူရယ်မောတဲ့ အခိုက်အတန့်လေးတွေက တင်းမာမှုတွေကို ပြေလျော့စေနိုင်ပြီး အချစ်တွေ ပိုတိုးစေပါတယ်။ တစ်ခုသတိထားရမှာက နောက်ပြောင်တဲ့အခါ တဖက်လူအပေါ် လေးစားတန်ဖိုးထားဖို့တော့ လိုပါတယ်နော်။