သင်က အသက်အရွယ် ရလာတာနဲ့အမျှ သင့်အနီးက လူတွေဟာ သင်နဲ့ တဖြေးဖြေး ဝေးလာတတ်ပါတယ်။ ဒါက အမှန်တရား ဖြစ်တာကြောင့် သင့်အနေနဲ့ အဝေးက မိတ်ဆွေ၊ ချစ်ရသူနဲ့ အဆင်ပြေဖို့ နည်းလမ်းတွေကို သင်ယူဖို့ လိုလာပါတယ်။ သူငယ်ချင်းတွေဟာ ကျောင်းတက်ဖို့ သွားရတာ၊ အလုပ်ရလို့ နေရာပြောင်းရတာ၊ အိမ်ပြောင်းရတာ စတဲ့ အရာတွေကြောင့် ဝေးကွာ သွားတတ်ကြပါတယ်။ သင်က အဝေးရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်ချင်ရင်၊ ဆက်ခင်ချင်ရင် ဒီအရာတွေကို လုပ်သင့်ပါတယ်။

၁။ အပြန်အလှန်ပုံတွေပို့ပါ

တစ်ယောက်နဲ့ တစ်ယောက် ဘာတွေလုပ်လဲ၊ ဘာတွေစားလဲ စတာတွေကို အပြန်အလှန် ပုံတွေ ပို့နိုင်ပါတယ်။ ကိုယ့်ရဲ့ Moment တွေကို သူငယ်ချင်းနဲ့ မျှဝေတာက သင်တို့ရဲ့ ခင်မင်မှုကို တိုးစေနိုင်သလို ဟာသရယ်စရာလည်း ပေးစွမ်းနိုင်ပါတယ်။

၂။ ရုပ်ရှင်အတူတူကြည့်ပါ

တိုက်ရိုက် ထုတ်လွှင့်နေတဲ့ ဇာတ်ကားတွေကို တူတူ ကြည့်တာ၊ ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ်တည်းကို နှစ်ယောက်အတူတူ ကြည့်တာ လုပ်နိုင်ပါတယ်။ ဇာတ်လမ်းကြည့်ရင်း Video Chat ဖွင့်ကာ ဇာတ်လမ်းအကြောင်းကို ဆွေးနွေးနိုင်ပါတယ်။

၃။ ဓာတ်ပုံပြကာ Shopping ထွက်ပါ

သင်တို့ သူငယ်ချင်းတွေက အနားမှာ မရှိနိုင်ရင်တောင် သင် Shopping ထွက်ရင် သူ့ဆီ ဓာတ်ပုံပို့နိုင်ပါတယ်။ သင်ဝယ်မယ့် အင်္ကျီတွေကို မဝယ်ခင် သူငယ်ချင်းတွေဆီ ပုံပို့ပြီး သူတို့ သဘောထားကို မေးမြန်းနိုင်ပါတယ်။ ဒီအပြုအမူက သင်က ဝေးနေရင်တောင် သူငယ်ချင်းရဲ့ သဘောထားကို တန်ဖိုးထားကြောင်း ပြသရာ ရောက်ပါတယ်။

၄။ နှစ်စဉ် Vacation သတ်မှတ်ပါ

သင်တို့သူငယ်ချင်းတွေက တစ်နှစ်လုံး အလုပ်ကြိုးစားပြီးနောက် နှစ်အဆုံးမှာ ခရီးသွားဖို့ တိုင်ပင်သင့်ပါတယ်။ ဒီလို နှစ်စဉ် ခရီး ရည်မှန်းချက်တွေ ထားတာက သင်တို့ သူငယ်ချင်းတွေကို ပိုပျော်ရွှင်စေပါတယ်။ ဒီခရီးအတွက် ရည်ရွယ်ရင်း အလုပ်ပိုကြိုးစားနိုင်သလို သင်တို့ရဲ့ ခင်မင်မှုကိုလည်း ပိုနက်ရှိုင်းစေပါတယ်။

၅။ ဓာတ်ပုံတူတူ ရိုက်ပါ

သင်တို့ သူငယ်ချင်းတွေက အကြာကြီးနေရမှ တစ်ခါ တွေ့ရသူတွေဆိုရင် ဓာတ်ပုံတူတူ ရိုက်ဖို့ မမေ့သင့်ပါဘူး။ သူတို့ကို သတိရတဲ့အချိန် အတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်ရင်း အလွမ်းဖြေနိုင်ပါတယ်။

၆။ သင့်ဘဝမှာ အရေးပါတဲ့ အရာတွေကို သူငယ်ချင်းတွေဆီ အရင်ပြောပါ

သင့်ဘဝမှာ ဖြစ်ပျက်နေတဲ့ အရေးပါတဲ့ အရာတွေကို တခြားသူတွေ သိအောင် ချမပြခင် အရင်ဆုံး သူငယ်ချင်းတွေကို ပြောပြသင့်ပါတယ်။ ဒီလို လုပ်တာက သူတို့ဟာ သင့်ဘဝမှာ အရေးပါကြောင်း ပြသ သလိုပါပဲ။

၇။ ပွဲတွေကို သူတို့ကို ဖိတ်ပါ

သူတို့က အဝေးတစ်နေရာကနေ သင့်ဆီကို မလာနိုင်ရင်တောင် သူတို့ကို ဖိတ်စာပို့တာ၊ ဖိတ်တာ စတာတွေကို လုပ်သင့်ပါတယ်။ ဒီလိုလုပ်တာက သင့်ဘဝမှာ သင့်သူငယ်ချင်းတွေကို အသိအမှတ်ပြုရာ ရောက်ပါတယ်။

၈။ လက်ဆောင်ပို့ပါ

သူတို့ မွေးနေ့မှာ သင်က Skincare ပစ္စည်းတွေကို စုပြီး ပို့ပေးတာ၊ သူတို့စိတ်ညစ်တဲ့နေ့တွေမှာ အပျင်းပြေစားဖို့ Snack Box ပို့ပေးတာတွေ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်တာက သူတို့ကို ပျော်ရွှင်စေသလို သင့်ကိုလည်း ပျော်ရွှင်စေနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar