Curly Hair တွေအတွက် ဆံသားရှင်းလင်းပြီး ပျော့ပြောင်းစေဖို့၊ ဆံကေသာ ပိုပြီးလှပလာစေဖို့ ထိရောက်တဲ့ ဆံပင်ပေါင်းတင်နည်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်လို့ အိမ်မှာလုပ်ရတာ အဆင်ပြေပါတယ်။
Apple Cider Vinegar နဲ့ သံလွင်ဆီ
Apple Cider Vinegar – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး ဦးရေပြားကို သေချာနှံ့အောင် လိမ်းပေးပါ။ ပြီးရင် ၄၅ မိနစ်လောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။ ဒီပေါင်းတင်နည်းကတော့ ဗောက်ထတဲ့ Curly Hair တွေအတွက် ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ထောပတ်သီးနဲ့ပျားရည်
ထောပတ်သီးအမှည့် တစ်လုံးကို ချေပေးပြီး ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောခလောက်ပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံသားအနှံ့ လိမ်းပေးပြီး တစ်နာရီထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။ ဒီပေါင်းတင်နည်းက ဆံသားအတွက်လိုအပ်တဲ့ Moisture ကို ဖြည့်ပေးပြီး ဆံသားတောက်ပြောင်စေတယ်၊ ဆံသားကျန်းမာစေပါတယ်။
အုန်းဆီနဲ့ဒိန်ချဉ်
အုန်းဆီ – ၂ ဆနဲ့ ဒိန်ချဉ် – ၁ ဆ တို့ကို ရောမွှေပြီး ဦးရေပြားနဲ့ ဆံသားကို လိမ်းပေးပါ။ ပြီးရင် Shower Cap နဲ့ အုပ်ထားပြီး တစ်နာရီထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။ ဒီပေါင်းတင်နည်းကတော့ ဦးရေပြားကျန်းမာစေပြီး ဆံသားနှစ်ခွဖြစ်တာ၊ ဖွာတာတွေကို သက်သာစေပါတယ်။
ရှားစောင်းလက်ပတ်အရည်နဲ့ငှက်ပျောသီး
ရှားစောင်းလက်ပတ်ရဲ့ အတွင်းသားဂျယ်လ်ကိုယူပြီး အရည်ရအောင် ကြိတ်ပေးပါ။ ရလာတဲ့ ရှားစောင်းလက်ပတ်အရည်ကိုမှ စားပွဲတင်ဇွန်း ၂ ဇွန်းစာယူပြီး ငှက်ပျောသီးတစ်လုံးနဲ့ ရောချေပြီးမွှေလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံသားမှာ ပွတ်လိမ်းပြီး ၄၅ မိနစ်ထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီပေါင်းတင်နည်းက ဆံသားသန်စွမ်း ကျန်းမာစေတယ်၊ ဆံသားနူးညံ့ပျော့ပြောင်းစေပါတယ်။
သံပယိုရည်၊ ကြက်ဥနဲ့နွားနို့
သံပယိုရည် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ကြက်ဥ – ၁ လုံးနဲ့ နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး ဦးရေပြားနဲ့ ဆံသားကို သုတ်လိမ်းပေးပါ။ ပြီးရင် Shower Cap နဲ့အုပ်ထားပြီး ၄၅ မိနစ်ထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။ ဒီပေါင်းတင်နည်းက ဗောက်ပျောက်စေပြီး ဆံသားပျော့ဆင်းစေပါတယ်။