ကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ချင်ကြတာ လူတိုင်းပါဘဲ။ သင်ကော မလိုချင်ဘူးလား? အကောင်းဆုံးနေ့တွေကို ပိုင်ဆိုင်နိုင်ဖို့က သင်ဘယ်လိုနေထိုင်လဲဆိုတာကနေ အစပြုတာ ပါပဲ၊ အကောင်းဆုံးနေ့တစ်နေ့ကို ဘယ်လို ပိုင်ဆိုင်ရမလဲဆိုတာကို အမှန်တကယ်သိချင်ရင် သင်ကိုယ်တိုင်က စပြီးနေထိုင်ဖို့ လိုအပ်ပါတယ်။ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားဖို့ နဲ့ မှန်ကန်တဲ့အရာတွေပေါ်မှာ အာရုံစိုက်ပြီးနေပါ။ အကောင်းဆုံး နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ဖို့ လိုက်နာရမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
လုပ်ရမယ့်အရာတွေကို စာရင်းလုပ်ပါ
သင့်မှာ လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာ မှန်ပေမယ့် အရာအားလုံးက အရေးမကြီးပါဘူး။ အရင်ဆုံး အချိန်ဇယားဆွဲပြီး အချိန်ပိုယူမည့်အရာကို အရင်လုပ်ပါ။ ပြီးမှ ကျန်တဲ့ အလုပ်တွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ဆက်လုပ်ပါ။
လေကောင်းလေသန့်ရှူပါ
မနက်ခင်းဟာ အလင်းရောင်နဲ့အတူ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေကို သယ်ဆောင်လာတာမို့ လက်လွတ်မခံပါနဲ့ ။ပြင်ပကလေက သင့်စိတ်ကို အေးချမ်းစေပြီး ကောင်းမွန်တဲ့နေ့ တစ်နေ့ကို ပိုင်ဆိုင်ဖို့ ခွန်အား ဖြစ်စေပါတယ်။ ဒါကြောင့် မနက်ခင်းမှာ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် လသာဆောင် မှာထိုင်ပြီး သတင်းစာဖတ်တာ ကော်ဖီ သောက်တာတို့ကို ပြုလုပ်ပေးသင့်ပါတယ်။လတ်ဆတ်တဲ့လေကို ရှူရှိုက်ပြီး မနက်ခင်းတိုင်း သင့်ဆီရောက်လာတဲ့ ကောင်းမွန်တဲ့ စိတ်ခံစားမှုကို ခံစားလိုက်ပါ။
အကြိုက်ဆုံးဂီတကိုနားထောင်ပါ
အကြိုက်ဆုံးဂီတကို နားထောင်တာက ကောင်းသောနေ့ကို ပိုင်ဆိုင်နိုင်ဖို့ အစဖြစ်စေပါတယ်။ ဂီတက သင့်ရဲ့ခံစားချက်တွေကို ကောင်းမွန်စေပြီး စိတ်ကို အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် မနက်ခင်းမှာ သီချင်းနားထောင်ဖို့အချိန်မပေးနိုင်ရင်တောင် အလုပ်သွားရင်း သို့မဟုတ် အလုပ်မစခင် သင်ကြိုက်တဲ့သီချင်း တစ်ပုဒ် လောက် နားထောင်လိုက်ပါ။
မိသားစု၊ အနီးဆုံးသူများနဲ့ အချိန်ဖြုန်းပါ
အလုပ်အရမ်းများတဲ့အခါ ချစ်ရတဲ့သူတွေကို အချိန်မပေးနိုင်တော့သလို သူတို့နဲ့ အငြင်းအခုံတွေမရှိတော့ပါဘူး။ ဒါဟာ ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒီတော့ လုပ်စရာရှိတာ တွေကို အချိန်မဆွဲ အချိန်မဖြုန်း ဘဲ ဆက်တိုက်လုပ်ဆောင်ပါ။ အလုပ်မြန်မြန်ပြီးတဲ့အခါ အရင်ကထက် မိသားစုအတွက် အချိန်ပိုရလာပြီး အတူအတူ အချိန်ကုန်ဆုံးဖို့ အခွင့်အရေး ရလာနိုင်ပါတယ်။
ဘာမှမမျှော်လင့်ဘဲ တခြားသူတွေကို ကူညီပေးပါ
တစ်ယောက်ယောက်က အကူအညီတောင်းလာတဲ့အခါ ဒါမှမဟုတ် သင့်အနေနဲ့ ကူညီနိုင်တဲ့ အနေအထားမျိုး ကြုံတွေ့လာတဲ့အခါ ဘာကိုမှ မျှော်လင့်ချက်မထားဘဲ အဖြူထည် သက်သက် ကူညီပေးလိုက်ပါ။ သင်တတ်နိုင်သလောက် သူများကို ကူညီလိုက်လို့ အဆင်ပြေသွားတယ်ဆိုရင် သင့်ကူညီမှုက သင့်ကိုလည်း ကြည်နူးစေမှာပါ။
အကောင်းဘက်ကစဥ်းစားပါ
ကောင်းမွန်တဲ့ နေ့တစ်နေ့ကို လိုချင်ရင် အရာအားလုံးကို အကောင်းဘက်ကနေ မြင်တာဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ သင်နေ့စဉ်ကြုံတွေ့ရသည့်အရာအားလုံး သို့မဟုတ် သင်တွေ့သမျှလူတိုင်းကို အကောင်း မြင်ခြင်းနဲ့ ကောင်းမွန်တဲ့နေ့တစ်နေ့ကို ပိုင်ဆိုင်လိုက်ပါ။





