အမြဲနုပျိုတင်းရင်းနေတဲ့အသားအရေလေးကို မလိုချင်တဲ့သူရယ်လို့မရှိပါဘူးနော်။ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ အမဲစက်နဲ့ အရေပြားတွဲကျတာတွေက များသောအားဖြင့် Stress များတာ၊ အိပ်ရေးမဝတာ၊ နေပူခံတာနဲ့ Skincare သေချာမလုပ်တာတွေရဲ့ နောက်ဆက်တွဲအသားအရေပြဿနာတွေပါ။ အရွယ်တစ်ခုရောက်တဲ့အထိ အသားအရေကောင်းဖို့ဆိုရင် အသက် ၂၀ လောက်ကတည်းက Anti Aging ဖြစ်စေမယ့် Skincare တွေ လုပ်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာ အရေပြားတင်းရင်းပြီး အရေးအကြောင်းကင်းအောင် ထောက်ပံ့ပေးမယ့် ထိရောက်တဲ့ သဘာဝပေါင်းတင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အချိန်သိပ်မပေးရဘဲ အကုန်အကျနည်းတဲ့ နည်းလမ်းတွေဖြစ်လို့ လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ပျားရည်၊ Tea Tree အဆီနဲ့ ကြက်ဥအကာ

ခွက်တစ်ခွက်ထဲမှာ ပျားရည်တစ်ဇွန်း၊ အနှစ်ဖယ်ထားတဲ့ ကြက်ဥအကာတစ်လုံးစာနဲ့ Tea Tree အဆီ လေးစက်လောက်ကို ရောထည့်ပါ။ ရလာတဲ့အရောကို သစ်ထားတဲ့ မျက်နှာပေါ် လိမ်းပြီး မိနစ် ၂၀ လောက် ပေါင်းတင်ပေးရမှာဖြစ်ပါတယ်။ အချိန်ပြည့်ပြီး ခြောက်သွားတဲ့အခါ ရေနဲ့ပြန်ဆေးချလိုက်ပါ။ ဒီနည်းမှာပါတဲ့ ကြက်ဥအကာက အရေပြားကိုတင်းရင်းပြီး ချွေးပေါက်ကျယ်တာ သက်သာစေပါတယ်။ ပျားရည်က အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး Tea Tree အဆီ က မျက်နှာပေါ်က ဝက်ခြံဖုတွေခြောက်ပြီး ပြားကပ်စေမှာပါ။

အုတ်ဂျုံ၊ Buttermilk နဲ့ သံလွင်ဆီ

Buttermilk က အသားအရေ Dry ဖြစ်ပြီး ပျက်စီးတာကို သက်သာစေပါတယ်။ သံလွင်ဆီကလည်း အသားအရေ အစိုဓာတ်ဖြည့်ပေးနိုင်သလို အုတ်ဂျုံမှာတော့ မလိုအပ်တဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ Buttermilk ခွက်တစ်ဝက်နဲ့ အုတ်ဂျုံနှစ်ဇွန်းကို တစ်မိနစ်လောက် အပူပေးပါ။ နွေးလာတာနဲ့ သံလွင်ဆီနှစ်ဇွန်းကို ရောထည့်ပြီး အအေးပြန်ခံပေးရပါမယ်။ ပြီးနောက်မျက်နှာမှာ လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပေးရုံပါပဲ။ ရေအေးနဲ့ပြန်ဆေးပြီး Moisturizer လေးလိမ်းထားပေးလိုက်ပါ။

ပန်းသီး၊ ပျားရည်နဲ့ နို့မှုန့်

ဒီနည်းအတွက် ပန်းသီးစိတ်အနည်းငယ်ကို ပျော့သွားအောင် ပြုတ်ပြီး အနှစ်ရတဲ့အထိ ပြန်ကြိတ်ပေးပါ။ ပျားရည်တစ်ဇွန်းနဲ့ နို့မှုန့်တို့ကိုပါ ရောပြီး သမအောင် မွှေပေးထားရပါမယ်။ မျက်နှာနဲ့ လည်ပင်းတွေမှာလိမ်းပြီး မိနစ် ၂၀ လောက်ပေါင်းတင်ပေးပါ။ ပန်းသီးမှာအရေပြားအားဖြည့်ပေးတဲ့ ဗီတာမင်ဓာတ်တွေပါဝင်တာမို့ အသားအရေကို နုပျိုစေပါတယ်။ ပျားရည်နဲ့ နှို့မှုန့်က အသားအရေတင်းရင်းပြီး Glow နေဖို့ အစိုဓာတ်ဖြည့်ပေးမှာပါ။

ထောပတ်သီး၊ အုတ်ဂျုံနဲ့ ကြက်ဥအကာ

ထောပတ်သီးကလည်း အသားအရေကိုအစိုဓာတ်ကောင်းကောင်းပေးနိုင်ပြီး မျက်နှာပေါ်က ဆဲလ်သေနဲ့ ချေးချွတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ထောပတ်သီးသင့်တော်ရုံပမာဏကို အုတ်ဂျုံနှစ်ဇွန်း၊ ကြက်ဥအကာတို့နဲ့ ပေါင်းတင်အနှစ်ရအောင် မွှေပြီး မျက်နှာမှာလိမ်းကာ မိနစ် ၂၀ ကျော်လောက်ထားပေးပါ။ ရေနွေးနွေးလေးနဲ့ ဆေးချပြီးတဲ့နောက် အသားအရေအိအိလေးဖြစ်သွားတာကို ခံစားမိပါလိမ့်မယ်။

Photo Source: bebeautiful.in, Pinterest

By MyStyle Myanmar