တချို့မိန်းကလေးတွေကို ကြည့်လိုက်ရင် ခြေထောက်လေးတွေက ဖွေးပြီး လက်အသားအရေကလည်း ဖြူဥနေတတ်ပါတယ်။ သူတို့က မွေးကတည်းက ကံကောင်းတာ ဖြစ်နိုင်သလို သူတို့ကိုယ် သူတို့ ဂရုစိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်က အရင်ထက် ခေါင်းအစ ခြေအဆုံး အသားလေး ဖွေးလာချင်ရင် Scrub ပုံမှန် လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် ဆဲလ်သေတွေ ကွာကျပြီး အသားအရေ အရင်ထက် ပိုလင်းပြီး အသားဖြူလာနိုင်ပါတယ်။ ဒီတော့ DIY Scrub နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

ပထမဆုံး တစ်ကိုယ်လုံးစာ Body Scrub ကို ကြည့်လိုက်ရအောင်-

ဒါအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့- Baby Oil, ပျားရည်၊ သကြားနဲ့ Body Lotion တို့ ဖြစ်ပါတယ်။ အသားအရေ အစိုဓာတ် ရပြီး ဖွေးလာဖို့တော့ Baby Oil, Body Lotion နဲ့ ပျားရည်တို့က တာဝန်ယူနိုင်ပြီး သကြားကတော့ အသားအရေပေါ်က ချေးတွေကို ချွတ်ပေးပါတယ်။ ဒီပါဝင်ပစ္စည်းတွေ အားလုံးကို ရောပြီး ခန္ဓာကိုယ်ပေါ် Scrub တိုက်ပေးရပါမယ်။

နှုတ်ခမ်းအတွက်

အသားလေး ဖြူသလို နှုတ်ခမ်းလေးကလည်း နူးညံ့ပြီး ပန်းရောင်လေး သန်းနေသင့်ပါတယ်။ ဒီလို ပန်းရောင်သန်းဖို့ လုပ်နိုင်တဲ့ DIY Scrub နည်းလမ်းကတော့- အုန်းဆီ၊ သကြား၊ ပျားရည် တို့ကို ရောတဲ့ နည်းလမ်းပါ။ ဒီသုံးမျိုးကို ခွက်တစ်ခွက်ထဲ ရောပြီးနောက် နှုတ်ခမ်းပေါ် ပွတ်ပေးရပါမယ်။

ဒူးမည်းတာ၊ တံတောင် မည်းတာအတွက်

သံပယိုသီး တစ်ခြမ်းကို လှီးကာ သကြားထဲ နှစ်ပေးရပါမယ်။ ပြီးနောက် ဒါကို သင့်ဒူး ဒါမှမဟုတ် တံတောင်ပေါ် ပွတ်ပေးရပါမယ်။ ဒါပြီးရင်တော့ ရေဆေးချနိုင်ပါပြီ။ သံပယိုသီးမှာ အသားအရေကို တောက်ပစေတဲ့ အက်ဆစ်ဓာတ်ပါဝင်ပြီး သကြားကတော့ ညိုမည်းတာကို လျော့ပါးစေနိုင်ပါတယ်။

ပေါင်ကြားမည်းတာအတွက်

ပျားရည်နဲ့ သံပယိုရည်ကို ဆတူ ရောပေးရပါမယ်။ ပြီးနောက် ညိုတဲ့ နေရာပေါ် လိမ်းပေးရပါမယ်။ ၁၅ မိနစ်ခန့် ထားပြီးနောက် ရေဆေးချပေးရပါမယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ် လုပ်နိုင်ပါတယ်။

ခြေခုံညိုတာအတွက်

သကြားနှစ်ဇွန်း၊ ကော်ဖီမှုန့် နှစ်ဇွန်းနဲ့ သံလွင်ဆီတို့ကို ရောပေးရပါမယ်။ ရလာတဲ့ အရောကို သင့်ခြေခုံပေါ် လိမ်းပေးရပါမယ်။ ပြီးနောက် ရေဆေးချပေးရပါမယ်။ ခြေထောက် အစိုဓာတ်ရဖို့ လိုးရှင်းပါ လိမ်းပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar