အတိတ်တွေကို မမေ့နိုင်ရင် တစ်ချိန်လုံး နာကျင်နေရမှာပါပဲ။ လက်ရှိမှာလည်း အပြည့်အဝ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ တချို့ကျတော့လည်း အတိတ်တွေထဲက ရုန်းထွက်ချင်ပေမယ့် ခေါင်းထဲဒါတွေပဲ ပြန်တွေးနေမိပြီး မမေ့နိုင် ဖြစ်နေကြတာပါ။ ဒါကြောင့် နာကျင်ခဲ့ရတဲ့ အတိတ်တွေထဲကနေ ရုန်းထွက်နိုင်ဖို့ ကူညီပေးမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အတွေးမများအောင်နေပါ

အတွေးတွေများနေရင် ဘာအကြောင်းပဲတွေးတွေး နောက်ဆုံးကျရင် ဒီအတိတ်က အကြောင်းအရာတွေဆီပဲ ပြန်ရောက်သွားမှာပါ။ ခဏခဏတွေးနေရင် အတိတ်တွေထဲက ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အတွေးမများပါနဲ့။ ခေါင်းထဲဒီအကြောင်းအရာတွေ ရောက်လာပြီဆိုတာနဲ့ တစ်ခုခုကို အာရုံပြောင်းလုပ်လိုက်ပါ။

ခွင့်လွှတ်လိုက်ပါ

အတိတ်မှာ နာကျင်ခဲ့ရတာတွေက ကိုယ့်ကြောင့်ဆိုရင်လည်း ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပြီး နောက်ထပ်မဖြစ်အောင်သာ သင်ခန်းစာယူပြီး အကောင်းဆုံးနေထိုင်ပါ။ ကိုယ့်ကြောင့်မဟုတ်ပဲ တစ်စုံတစ်ယောက်ကြောင့် နာကျင်ခဲ့ရတာဆိုလည်း အငြိုးတွေ၊ အမုန်းတွေ၊ နာကျဉ်းတာတွေ ထားမနေတော့ပဲ ခွင့်လွှတ်ပေးလိုက်ပါ။ ဒါမှလည်း ကိုယ့်စိတ်ထဲကနေ အပြီးတိုင် ထုတ်ပစ်နိုင်မယ်၊ မေ့နိုင်ပါမယ်။

လက်ရှိမှာပျော်အောင်နေပါ

လက်ရှိမှာ မပျော်နိုင်ရင် လူက စိတ်ဖိစီးမှုတွေများ၊ အတွေးတွေများပြီး နောက်ကြောင်းပဲ ပြန်တွေးနေမိမှာပါ။ အဲ့တော့ သံသရာလည်ပြီး အတိတ်ကနေ ရုန်းမထွက်နိုင်၊ စိတ်ဆင်းရဲ ဖြစ်နေမှာပါ။ ဒါကြောင့် လက်ရှိမှာ ပျော်အောင်နေပါ။ ကိုယ့်စိတ်ပျော်မယ့် အရာတွေအားလုံးကိုသာ လုပ်ပစ်ပါ။

အသစ်တွေစတင်ကြည့်ဖို့မကြောက်ပါနဲ့

အတိတ်မှာ တစ်ခုခုမှားခဲ့တာကြောင့် အခုလက်ရှိမှာ အသစ်တွေထပ်လုပ်ကြည့်ရမှာကို လုံးဝမကြောက်ပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပြီးသာ အကောင်းဆုံးကြိုးစားကြည့်ပါ။ တကယ်လို့ အတိတ်မှာ နာကျင်ခဲ့ရတဲ့ အကြောင်းအရင်းက အချစ်ရေးဖြစ်နေတာဆိုရင်လည်း နောက်ထပ်ချစ်ကြည့်ဖို့ကို မကြောက်ပါနဲ့။ လူတွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ကိုယ့်အတွက် တကယ်ကောင်းမယ့်သူက ရှိမှာပါ။ ဒါကြောင့် ကိုယ်ပျော်မယ်ထင်ရင်၊ စိတ်ချမ်းသာမယ်ထင်ရင် အသစ်တွေလည်း ထပ်ထားကြည့်ပါ။ ဒါမှလည်း အတိတ်ထဲကနေ ရုန်းထွက်နိုင်မှာပါ။