ကဲ..ဒီနေ့မှာတော့ လူတိုင်းသိပြီးသားဖြစ်ကြတဲ့အတိုင်း ဒီလောကကြီးမှာ ဘယ်အရာမှ အကြာကြီး မမြဲဘူးဆိုတာပါပဲ့။ ဒါကြောင့် အချစ်ရေးဆိုတာလည်း အမြဲတမ်း ဒီတစ်သက် ဒီတစ်ယောက်နဲ့ပဲ့ အဆုံးထိချစ်မြတ်နိုးသွားရမယ်လို့ ကျိန်းသေပေါက်ပြောလို့ မရဘူးပေါ့နော်။ လူတိုင်းကတော့ တစ်ယောက်တည်းနဲ့ချစ်ကြိုက်ပြီး အဲ့ဒီတစ်ယောက်နဲ့ပဲ့ တစ်ဘဝလုံး အဆုံးထိလက်တွဲသွားရရင်တော့ အကောင်းဆုံးပဲ့ပေါ့။ ဒါပေမယ့် အချစ်ရေးက အရမ်းကိုထိရှလွယ်တဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ပြဿနာတွေဖြစ်ပြီး ပြတ်စဲသွားကြတဲ့ Relationship တစ်ခုဟာ ဘဝအတွက် အသုံးတည့်စေတဲ့ သင်ခန်းစာတွေ များစွာပေးတတ်ပါတယ်။

ကဲ..ဒါကြောင့် ပြတ်စဲသွားတဲ့အချစ်ရေးကနေ သင့်ဘဝအတွက် ဘယ်လိုသင်ခန်းစာမျိုးတွေကို ပေးတတ်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်နော်။

အတွေးလွန်ခြင်းက သင်ကို ပိုပြီးနာကျင်စေတယ်ဆိုတာကို သိလာရခြင်း

Relationship တစ်ခုရဲ့အဆုံးမှာ အခြေအနေတိုင်းရဲ့အကြောင်တွေကို တွေးရင်း အတွေးတွေ နစ်နေတာ ၊ ခေါင်းထဲမှာ တစ်ယောက်တည်းပြောတဲ့ စကားလုံးတွေနဲ့ နပန်းသတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ သေချာတာက အတွေးတိုင်းရဲ့နောက်ကွယ်ဟာ အတိတ်ထဲမှာ တဝဲဝဲလည်ပြီး နာကျင်စရာတွေနဲ့ပဲ အဆုံးသတ်သွားတတ်ပါတယ်။ ဒါကြောင့် သင့်ခံစားချက်ကို သူငယ်ချင်းမိတ်ဆွေတွေ ၊ မိသားစုဝင်တွေကို ရင်ဖွင့်လိုက်ပါ။

ကိုယ့်ကိုယ်ကို အကောင်းဆုံးမိတ်ဆွေဖြစ်အောင် သင်ယူတတ်လာခြင်း

အသည်းကွဲပြီးနောက် သိလာရတဲ့ နောက်ထပ်သင်ခန်းစာတစ်ခုက လူတွေဟာ သူတို့ချစ်သူကို ချစ်သလောက် ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့ မေ့နေတတ်တယ်ဆိုတာပါပဲ။ ကိုယ့်အနားမှာ ဘယ်သူမှ မရှိမှ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနဲ့ စိတ်လက်ပျော်ရွှင်အောင် ထားဖို့ဆိုတာ အရေးပါမှန်း ပိုသိလာတတ် ပါတယ်။ သင့်ကိုယ်သင် မချစ်ရင် သင်ဟာ သင့်ကိုချစ်မယ့် လူတစ်ယောက်ပေါ် မှီခိုနေရတတ်ပါတယ်။ တစ်ခြားသူတစ်ယောက်ရဲ့ အချစ်ခံရခြင်းဟာ ဘယ်တော့မှ အပြည့်အဝ စိတ်ကျေနပ်စရာဖြစ်မှာ မဟုတ်ပါဘူး။

အချိန်ရဲ့ကုစားမှုကို သိရှိနားလည်လာခြင်း

Breakup ဖြစ်ပြီးနောက် ခံစားချက်အမျိုးမျိုးကို ကြုံတွေ့ရမှာပါ။ ဒေါသထွက်မယ် ၊ ရှော့ခ်ဖြစ်သွားမယ် ၊ ဝမ်းနည်းပြီး စိတ်ဓါတ်ကျမယ် ၊ ဗလာဟင်းလင်းနဲ့ တစ်ယောက်တည်း အထီးကျန်သလို ခံစားရမယ် ၊ လက်ခံလိုက်ရတယ် ၊ စိတ်လှုပ်ရှားနေမယ်။ ဒီခံစားချက်တွေနဲ့ တဝဲလည်လည်ဖြစ်နေရင်းနဲ့ သိလာတာက အချိန်ကြာလာတာနဲ့ စိတ်အနာဟာ သက်သာလာတယ်ဆိုတာကို ခံစားလာရမှာပါ။

ခွင့်လွှတ်တတ်လာခြင်း

အချစ်ရေးပြိုကွဲသွားပြီးနောက် သင့် ex ကို လက်တုံ့ပြန်ချင်မယ် ၊ အရာရာတိုင်းကို အပြစ်တင်ချင်ကြတာချည်းပါပဲ့။ ဒါပေမယ့်လည်း သွေးအေးသွားတဲ့အချိန် လူတွေကို အပြစ်တင်မယ့်အစား သူတို့ကိုခွင့်လွှတ်ဖို့ပဲ ကြိုးစားကြည့်လိုက်ပါ။ဖြစ်ပျက်ခဲ့တာတွေကို လက်ခံလိုက်တာနဲ့ အရာရာဟာ ပိုပြီးနေလို့ကောင်းလာပါလိမ့်မယ်။ စိတ်မှာလည်း ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ အဆင်ပြေသွားပါလိမ့်မယ်နော်။

အမှားတွေကနေ သင်ခန်းစာယူတတ်လာခြင်း

အချစ်ရေးမှာ ရှုံးနိမ့်ခဲ့သူဟာ ဒီအမှားကနေ အပြုသဘောဆောင်တဲ့အဖြေကို သူ့ဘာသာ ရှာတတ်လာပါတယ်။ နောင်တစ်ချိန်ကျရင် ကိုယ်နဲ့ လက်တွဲမယ့် ချစ်သူတစ်ယောက်ကို ပိုချစ်နိုင်အောင် ၊ ပိုလက်ခံနိုင်အောင် ကိုယ့်အမှားတွေထဲကနေ သင်ခန်းစာကောင်းကောင်း ပြန်ထုတ်တတ်လာပါတယ်။ တစ်ခါတစ်လေမှာ ပျက်စီးပြိုကွဲသွားတဲ့ အတွေ့အကြုံတစ်ခုကရတဲ့ သင်ခန်းစာဟာ တစ်ဘဝလုံးအတွက် ပိုကောင်းတဲ့လမ်း လျှောက်လှမ်းနိုင်ဖို့ အထောက်အကူကောင်း ဖြစ်တတ်ပါတယ်။