စိုပြေတဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့အတွက် Lip Balm လို့ခေါ်တဲ့ အစိုဓာတ်ဖြည့် နှုတ်ခမ်းအဆီလေးတွေက မရှိမဖြစ်ပါပဲနော်။ ဆောင်းတွင်းလို အေးစိမ့်စိမ့်နဲ့ အသားခြောက်တတ်တဲ့ရာသီတွေမှာဆို ပိုပြီးလိုအပ်ပါတယ်။ နှုတ်ခမ်းခြောက်တာကို Lip Balm ပုံမှန်မလိမ်းဘဲ ဒီတိုင်းပစ်ထားတာက သင့်နှုတ်ခမ်းကို ကွဲအက်ပြီး ကြည့်ရဆိုးစေသလို အရေပြားတွေလန်တဲ့အခါ ပိုးဝင်ဖို့လည်း လွယ်ပါတယ်။ သင်က အကုန်အကျလည်း မများဘဲ Chemical မပါတဲ့ Lip Balm လေးတွေသုံးချင်တဲ့ဆိုရင် ကိုယ်တိုင်လုပ်တာက ပိုပြီးအဆင်ပြေပါတယ်နော်။

ဒီတစ်ခေါက်မှာ စိုပြေနူးညံ့တဲ့ နှုတ်ခမ်းဖူးလေးအတွက် သဘာဝပစ္စည်းတွေသုံးပြီး ကိုယ်တိုင် Lip Balm လုပ်နည်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

Honey Lip Balm

ဒီနည်းအတွက် Shea Butter (သို့) အုန်းဆီအနှစ် တစ်ဇွန်းစာယူပြီး မီးနည်းနည်းနဲ့ အပူပေးပါ။ အမြုပ်ထွက်တဲ့ထိမထားဘဲ အရည်ပျော်ရုံ စက္ကန့်ပိုင်းလောက်ပဲ ကျိုပေးရပါမယ်။ ပြီးနောက် သဘာ၀ ပျားရည်ကို တစ်ဇွန်းပမာဏယူပြီး ပေါင်းထည့်ပေးပါ။ ပျားရည်နဲ့အတူ Essential Oil တစ်မျိုးကိုပါ လေး၊ ငါး စက်လောက် ထည့်ပေးရင်ပိုကောင်းပါတယ်။ နှစ်မျိုးလုံးထည့်ပြီးတာနဲ့ အပူပေးတာကိုဖြုတ်ပြီး ၃ မိနစ်လောက် အအေးခံရင်း Blend ဖြစ်သွားအောင် မွှေပေးရပါမယ်။ ရလာတဲ့ Lip Balm အရည်ကို ကိုယ်သိမ်းချင်တဲ့ ဘူးအသေးလေးထဲ ထည့်ပြီး အခဲဖြစ်သွားတဲ့အခါ နှုတ်ခမ်းမှာလိမ်းပေးရုံပါပဲ။

အုန်းဆီက အရေပြားအတွင်းထိ အစိုဓာတ်ကောင်းကောင်းပေးနိုင်သလို Shea Butter ကလည်း Vitamin E ပါဝင်တာမို့ နှုတ်ခမ်းကိုအစိုဓာတ်ရစေပါတယ်။ ဒါ့အပြင် ပျားရည်ကတစ်ဆင့်လည်း နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပြီးသားဖြစ်စေမှာပါ။

Coconut Oil Lip Balm

Photo Source: wikihow

ဒီ Lip Balm အတွက် ပါဝင်ပစ္စည်းနှစ်မျိုးပဲလိုပါတယ်။ အုန်းဆီနဲ့ Petroleum Jelly ပါ။ ဒီနှစ်မျိုးကို ကိုယ်လိုချင်တဲ့ပမာဏယူပြီး အရည်ရအောင် အပူပေးကာ ရလာတဲ့အရည်ကို ဘူးတစ်ဘူးထဲထည့်ထားလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးတာနဲ့ လိုချင်တဲ့အချိန်ထုတ်လိမ်းလို့ရပါပြီ။

Petroleum Jelly ကနှုတ်ခမ်းအစိုဓာတ်ဖြည့်ရာမှာ အာနိသင်အရမ်းကောင်းတာမို့ သူ့တစ်မျိုးထဲပဲ လိမ်းတာမျိုးပါ လုပ်လို့ရပါတယ်။

Pomegranate Lip Balm

သလဲသီးစေ့ သုံးဇွန်းလောက်ယူပြီး အရည်ထွက်အောင်ကြိတ်ကာ ရလာတဲ့အရည်ကို စစ်ယူလိုက်ပါ။ ဒီအရည်ထဲကို အုန်းဆီ နှစ်ဇွန်းထည့်ပြီး မီးအနိမ့်ဆုံးထားကာ အပူပေးရမှာဖြစ်ပါတယ်။

မိနစ်အနည်းငယ်လောက် မွှေကာ အပူပေးပြီးနောက် ရလာတဲ့အရည်ကို Lip Balm ဘူးလေးထဲ ထည့်လိုက်ရုံပါပဲ။ တစ်နာရီလောက်အအေးခံထားပြီးနောက် သင့်နှုတ်ခမ်းမှာ လိမ်းပေးနိုင်ပါပြီ။ သလဲသီးရဲ့နီစိုစိုအရောင်လေးက သင့်နှုတ်ခမ်းကို ပန်းရောင်သမ်းပြီး နူးညံ့စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar