အားလုံးပဲ မင်္ဂလာပါ။ ကိုယ်ကြိုက်တဲ့ ရေမွှေးနံ့လေးဆွတ်ထားလိုက်တာနဲ့ ချွေးထွက်လာလည်းအနံ့မထွက်ဘဲ တစ်နေကုန် ရေမွှေးနံ့လေး ကိုယ်မှာစွဲနေတာမျိုး လူတိုင်းလိုချင်ကြမှာပါနော်။ ဒါကြောင့်မို့ ရေမွှေးနံ့ခံအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတဲ့သူတွေ အသုံးတည့်စေမယ့် နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒါပေမယ့် အချို့ရေမွှေးတွေက စွတ်ပြီးခဏလေးနဲ့ အနံ့ပျောက်သွားတတ်တာမို့ Quality အသင့်အတင့်ကောင်းတဲ့ ရေမွှေးတစ်မျိုးကိုတော့ ရွေးချယ်ပေးဖို့လိုပါမယ်နော်။
၁။ ရေချိုးပြီးချိန်လေး ဖြန်းပါ
ခန္ဓာကိုယ်ရေစိုနေတဲ့အချိန်က ချွေးပေါက်တွေလည်းပွင့်နေတတ်တာမို့ ကိုယ်စွတ်မယ့်ရေမွှေးက အသားထဲပိုစိမ့်ဝင်ပြီး အနံ့ပိုဆွဲစေပါတယ်။ ရေချိုးပြီး ရေသိပ်မခြောက်သေးတဲ့အချိန်မှာ ရေမွှေးဖြန်းပေးပြီး ရေခြောက်သွားတော့မှ အဝတ်ဝတ်ပေးရင် ပိုကောင်းပါတယ်။ ကိုယ်သင်းနံ့လေးလို ဆွဲနေစေမှာပါ။
၂။ မဖြန်းခင် အစိုဓာတ်ပေးပါ
ရေမွှေးမဖြန်းခင်မှာ ဖြန်းမယ့်နေရာတွေကို Lotion ဒါမှမဟုတ် Vaseline လေးလိမ်းပြီး အစိုဓာတ်ပေးဖို့ လိုပါတယ်နော်။ ခြောက်သွေ့နေတဲ့အသားအရေက ရေမွှေးဆွတ်လိုက်တိုင်း အသားထဲစိမ့်ဝင်ဖို့ခက်တာမို့ ခဏလေးနဲ့ အနံ့ပျယ်စေမှာပါ။
၃။ အကွာအဝေးတစ်ခုကနေ ဖြန်းပေးပါ
အသားနဲ့ကပ်တာက ရေမွှေးအနံ့ပိုခံစေတယ်လို့ အထင်မှားမိကြမှာပါ။ တကယ်တော့ ရေမွှေးကို အကွာအဝေးတစ်ခုကနေ ခွာပြီးဖြန်းတာက နေရာပိုပြန့်ပြီး အနံ့ပိုဆွဲစေပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး ၁၀ စင်တီမီတာအကွာလောက်ကနေ ဖြန်းပေးဖို့ မမေ့ပါနဲ့။
၄။ နေရာမှန်အောင် ဖြန်းတတ်ဖို့လိုပါတယ်
ရေမွှေးဖြန်းတဲ့အခါ တစ်ကိုယ်လုံးလိုက်ဖြန်းတာထက် ရေမွှေးအမှန်တကယ်ဆွဲစေမယ့် နေရာတွေကို ရွေးဖြန်းတတ်ဖို့လည်း အရေးကြီးပါတယ်။ လည်ပင်း၊ နားနောက်ပိုင်း၊ တံတောင်နဲ့ ကုပ်ပိုးနေရာလေးတွေကို အာရုံစိုက်ပြီးဖြန်းပေးပါ။ ခြေသလုံးနဲ့ ခြေချင်းဝတ်နေရာတွေကလည်း ရေမွှေးအနံ့ဆွဲစေတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။
၅။ အဝတ်တွေပေါ် ဖြန်းထားပါ
ရေမွှေးက အသားထဲစိမ့်ဝင်နိုင်သလို တစ်ခါတစ်ရံ အဝတ်စတွေမှာလည်း ဆွဲကျန်နေတတ်တာမို့ အဝတ်မှာ ဖြန်းပေးတာမျိုးလည်း လုပ်နိုင်ပါတယ်နော်။ မဝတ်ခင် စွတ်ပြီးထားတာမျိုးပြုလုပ်ကြည့်ပါ။ အစွန်းအထင်းမခံတဲ့ အဝတ်တွေပေါ် မသုံးမိအောင်တော့ သတိထားဖို့လိုပါတယ်။
Photo Source: Pinterest
By MyStyle Myanmar