ဗောက်ထတာက ဦးရေပြားမသန့်ရင်လည်း ဖြစ်တတ်သလို၊ ခေါင်းလျှော်ရည်နဲ့ မတည့်တဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဖုန်တွေကပ်ပြီး ခေါင်းမလျှော်တဲ့အခါနဲ့ ဦးရေပြားခြောက်တဲ့အခါမှာလည်း ဗောက်ထလေ့ရှိပါတယ်။

ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် ဗောက်ထတာကို အမြန်ဆုံးပျောက်ဖို့ ထိရောက်တဲ့ Home Remedies တွေကို မျှဝေပေးလိုက်ပါတယ်။

အုန်းဆီနဲ့သံပယိုရည်

အုန်းဆီနဲ့ သံပယိုရည်မှာက Antifungal Properties တွေပါလို့ ဗောက်ထတာနဲ့ ဦးရေပြားယားယံတာအတွက် အရမ်းကောင်းပါတယ်။ အုန်းဆီ – စားပွဲတင်ဇွန်း ၄ ဇွန်းကို သံပယိုသီးတစ်ခြမ်း အရည်ညှစ်ချပြီး ဦးရေပြားကို လိမ်းပေးကာ Massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀ ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။

ဂျင်း

ဂျင်းကလည်း ဗောက်ထတာ သက်သာစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ ဂျင်းကိုကြိတ်ပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ ဂျင်းအရည်ကိုမှ ဦးရေပြားအနှံ့လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။

ပန်းသီး

ပန်းသီးက ဦးရေပြားကျန်းမာရေးအတွက် ကောင်းတဲ့အပြင် ဆံပင်သန်စေပါတယ်။ ဗောက်ထတာတွေလည်း သက်သာစေလို့ ဗောက်ကင်းစင်ပြီး ဦးရေပြားကျန်းမာစေပါတယ်။ ပန်းသီးကိုကြိတ်ပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့အရည်ကိုမှ စားပွဲတင်ဇွန်း ၂ ဇွန်းစာယူပြီး ရေ – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ ဦးရေပြားအနှံ့သာ လိမ်းပေးပါ။ ကြာကြာထားပြီးမှ ခေါင်းလျှော်လိုက်ရုံပါပဲ။

Tea Tree Oil

အိမ်မှာသာ Tea Tree Oil ရှိနေရင် ဘာမှအလုပ်ရှုပ်ခံနေစရာ မလိုတော့ပါဘူး။ ခေါင်းမလျှော်ခင် Tea Tree Oil ကို ဦးရေပြားအနှံ့လိမ်းပြီး နာရီပိုင်းလောက်ထားပြီးမှ ခေါင်းလျှော်လိုက်ပါ။ ဗောက်ပျောက်ပြီး ယားယံတာတွေ သက်သာသွားပါလိမ့်မယ်။

သံလွင်ဆီ

ဦးရေပြားခြောက်လို့ ဗောက်ထတာမျိုးဆိုရင် သံလွင်ဆီကို အပူပေးပြီး နွေးနွေးလေးဖြစ်လာပြီဆိုရင် ဦးရေပြားကိုလိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။ ဦးရေပြားခြောက်သွေ့တာ သက်သာစေပြီး ဗောက်ပျောက်စေပါတယ်။