မျက်လုံးအောက်နားမှာ အရေးအကြောင်းတွေ ပေါ်နေရင် ပုံမှန်ထက်ကို ပိုပြီးတော့ ရင့်တယ်လို့ ထင်ရပါတယ်။ သက်တူရွယ်တူချင်းတောင်မှ မျက်လုံးအောက်မှာ အရေးအကြောင်းရှိနေတဲ့သူနဲ့ အရေးအကြောင်းမရှိပဲ ရေဓာတ်ပြည့်ဝနေတဲ့သူနဲ့ ယှဉ်ကြည့်လိုက်ရင် သိသာပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင် Eyecream ကို ၁၈ နှစ်လောက်ထဲက လိမ်းပေးရင် ပိုကောင်းပါတယ်။

မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ရှိနေပြီဆိုရင်လည်း သက်သာလျော့ကျအောင် လုပ်ပေးသင့်ပါတယ်။ ဒီတော့ မျက်လုံးအောက်က အရေးအကြောင်းတွေ သက်သာအောင် Eyecream ကို ညတိုင်းလိမ်းပါ။ ပြီးရင်တော့ လွယ်ကူတဲ့ ဒီသဘာဝ Treatment လေးတွေကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

ကြက်ဥအကာ

ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုဖယ်ထုတ်လိုက်ပါ။ ကျန်တဲ့အကာအရည်ကိုပဲ ခလောက်ပြီး ဂွမ်းလုံးလေးနဲ့ယူကာ မျက်လုံးအောက်နားက အရေးအကြောင်းဖြစ်တဲ့ နေရာတွေကို လိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ပုံမှန်လုပ်ပေးရင် အရေးအကြောင်းတွေ သက်သာစေပြီး အသားအရေ တင်းရင်းစေပါတယ်။

ထောပတ်သီး

ထောပတ်သီးအထဲက အသားကို ကျေညက်နေအောင်ချေပေးပါ။ ပြီးရင် လက်ချောင်းလေးနဲ့ပဲယူပြီး မျက်လုံးအောက်နားတစ်ဝိုက်ကို လိမ်းထားပေးပါ။ တစ်နာရီကြာထားပြီးမှ ရေနဲ့ပြန်သန့်စင်ပေးပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်လုံးအောက်နားတစ်ဝိုက်က အရေးအကြောင်းတွေ သက်သာပြီး အသားအရေ စိုပြည်နေစေပါတယ်။

အုန်းဆီ

ဒါကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းဖြစ်မှာပါ။ အုန်းဆီစစ်စစ်ကို လက်နဲ့ပဲယူပြီး မျက်လုံးအောက်နားတစ်ဝိုက်ကို လိမ်းပေးပါ။ အတင်းပွတ်လိမ်းတာမျိုးမလုပ်ပဲ ညှင်ညှင်သာသာလေး လိမ်းပေးပါ။ တစ်နာရီလောက်ထားပြီးရင်တော့ မျက်နှာပြန်သစ်ပေးပါ။ ဒီ Treatment ကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်တစ်ကြိမ် မဟုတ်ပဲ နေ့တိုင်း တစ်ရက်ကို နှစ်ကြိမ် လုပ်ပေးပါ။ ဒါမှ ပိုပြီးထိရောက်မှာပါ။