မင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ဆံပင်ပါးလို့ပဲဖြစ်ဖြစ် အရှည်နှေးလို့ပဲဖြစ်ဖြစ် Hair Extension ဆက်ထားတဲ့သူတွေရှိလား။ အခုခေတ်မှာ Hair Extension အတွက် ဆံပင်အစစ်တွေသုံးလို့ရတာမို့ ဆက်ထားမှန်း မသိသာဘဲ ကိုယ့်ပုံမှန်ဆံပင်နဲ့တစ်ထပ်တည်းလို မြင်ရစေပါတယ်။ Extension လုပ်ပေးတာက ကိုယ့်ဆံပင်ကေမကြိုက်လို့ ပြောင်းချင်သူတွေအတွက်အဆင်ပြေသလို နဂိုဆံပင်ကို ဆေးဆိုးစရာမလိုဘဲ အရောင် Highlight လေး ထည့်ချင်သူတွေအတွက်လည်း ကွက်တိပါပဲ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ Hair Extension လုပ်ထားတဲ့သူတွေအတွက် ကိုယ်ဆက်ထားတဲ့ဆံပင်လေး ကြာရှည်ခံပြီးလှနေအောင် ထိန်းသိမ်းနိုင်မယ့်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပုံမှန်လေးသန့်စင်ပေးပါ

သင့် Natural ဆံသားလိုပဲ ဆက်ထားတဲ့ဆံပင်ကလည်း Hair Product အမှားတွေသုံးမိရင် ပျက်စီးတတ်တာမို့ ဆံပင်နှစ်မျိုးလုံးအတွက်အဆင်ပြေမယ့် ခေါင်းလျှော်ရည်၊ Conditioner တွေကို ရွေးသုံးပေးပါ။ ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်အကျန်မရှိရအောင် စင်အောင်လျှော်ဖို့လိုပါတယ်။ ဆက်ထားတဲ့ဆံပင် အောက်ကို တွဲမကျအောင် Conditioner လိမ်းတဲ့အခါ ဆံပင်အဖျားတွေကို ဆွဲချတာမျိုး မလုပ်မိအောင်သတိထားပါ။

အပူနဲ့ထိတာကို လျှော့ပါ

Extension တွေက အပူနဲ့ထိတာများတဲ့အခါ ဖွာပြီးကျွတ်ထွက်တတ်ပါတယ်။ ဆက်ခါစဆံပင်ကို အပူနဲ့ဆွဲမိရင် ချက်ချင်းကျွတ်သွားတဲ့အထိပါ ဖြစ်စေမှာပါ။ အတတ်နိုင်ဆုံး အပူမလိုတဲ့နည်းနဲ့ ဆံပင်ပုံသွင်းတာမျိုးလုပ်ပေးပြီး မဖြစ်မနေသုံးဖို့လိုတဲ့အခါ အပူခံ Spray ဖြန်းပြီးမှ သုံးဖို့မမေ့ပါနဲ့။

ခေါင်းဖြီးတဲ့အခါ ဂရုစိုက်ပါ

Extension ထည့်ထားတဲ့သူက ခေါင်းကိုခပ်ကြမ်းကြမ်းဖြီးလို့မရပါဘူး။ ဆက်ထားတဲ့ဆံပင်တွေတွဲကျပြီး ကျွတ်ထွက်လာတတ်ပါတယ်။ ဆံပင်အရင်းကနေဖြီးတာမျိုးထက် အဖျားပိုင်းကို ဘီးကြဲသုံးပြီး ဖြေးဖြေးချင်းဖြီးချတာမျိုးလုပ်ပေးပါ။

Treatment ပုံမှန်လုပ်ပေးပါ

Extension တွေက ဆံပင်အစစ်လောက် သဘာဝအဆီမရှိတာမို့ Hair Treatment တွေလုပ်ပြီး အားဖြည့်ပေးဖို့လိုပါတယ်။ အစိုဓာတ်ရပြီး သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ Hair Mask လေးတွေ ပုံမှန်သုံးတာမျိုးလုပ်ပေးပါ။

ရေစိုဆံပင်နဲ့ အိပ်ရာဝင်တာမျိုးရှောင်ပါ

ခေါင်းရေမခြောက်ဘဲ အိပ်ရာဝင်တာက ဆံပင်တွေဖွာပြီး ကျွတ်ထွက်လာတတ်သလို ဦးရေပြားမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ကပ်ဖို့လွယ်ပါတယ်။ ပုဝါအိအိလေးနဲ့ ခြောက်တဲ့အထိသုတ်ပေးတာ ဒါမှမဟုတ် Dryer ကိုအပူအနိမ့်ဆုံးထားပြီး ဆံသားအရင်းတွေခြောက်အောင် မှုတ်တာမျိုးလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar