အားလုံးပဲ မင်္ဂလာပါနော်။ နှုတ်ခမ်းပုံဖော်တဲ့ Lip Liner တွေက အရင်ကတည်းက အခုအချိန်ထိ ပျိုမေတိုင်းနီးပါးသုံးကြတဲ့ နှုတ်ခမ်းနီတစ်မျိုးဖြစ်သလို ကိုယ့်နှုတ်ခမ်းပုံစံနဲ့ လိုက်အောင်ဆွဲတတ်မယ်ဆိုရင် နှုတ်ခမ်းသားကို ရှိရင်းစွဲထက်ပိုထူပြီး ပြည့်ပြည့်ဖူးဖူးလေးဖြစ်စေတာမို့ နှုတ်ခမ်းပါးတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ သင်ကိုယ်တိုင်လည်း Lip Liner လေးနဲ့ပုံဖော်ပြီး ဆိုးရတာကြိုက်တဲ့သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်အသုံးဝင်မှာပါ။

ဒီတစ်ခေါက်မှာ ပျိုမေတို့သတိထားနိုင်ဖို့ Lip Liner ဆွဲတဲ့အချိန် လွဲတတ်ကြတဲ့ ဆွဲနည်းအမှားလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

အရောင်ထွက်မတူတာတွေသုံးတာ

ကိုယ့်ဆိုးမယ့် နှုတ်ခမ်းနီနဲ့ Lip Liner ရဲ့ အရောင်ကို အရမ်းကွာတာမျိုးမရွေးမိအောင် သတိထားပေးပါ။ အနုအရင့် အရောင်အရမ်းကွာတာမျိုးကို ရောဆိုးလိုက်တာက သင့်နှုတ်ခမ်းကို Natural မဆန်ဘဲ ကြည့်ရဆိုးသွားတတ်ပါတယ်။ Two Shades ထက်ပိုပြီး အရောင်မကွဲတာမျိုးရွေးပေးပါ။ Lip Liner အရောင်ထွက်မှန်အောင် မဆိုးခင် Foundation ဒါမှမဟုတ် Concealer ကို နှုတ်ခမ်းမှာလိမ်းပေးတာမျိုး လုပ်နိုင်ပါတယ်။

နှုတ်ခမ်းတစ်ခုလုံး တစ်ဆက်တည်းဆွဲတာ

Lip Liner ဆွဲတဲ့အခါ တစ်ဆက်တည်း အကြောင်းလိုက်ဆွဲချလိုက်တာက နှုတ်ခမ်းပေါ် မျဉ်းတားလိုက်သလိုဖြစ်ပြီး သဘာဝမဆန်ဘဲ ဆွဲထားမှန်း အရမ်းသိသာနေတတ်ပါတယ်။ အဲ့ဒီအစား တစ်ချက်ချင်းခြစ်သွားပြီး ပုံဖော်ပေးပါ။ Liner ဆွဲပြီး Blend လုပ်ဖို့လည်း လွယ်သွားပါလိမ့်မယ်။

Liner ခံတံ မချွန်ဘဲသုံးတာ

သင်က Liner ခံတံသုံးတတ်တဲ့သူဆိုရင် ခံတံတုံးတဲ့အထိမထားဘဲ ခပ်ချွန်ချွန်လေးဖြစ်အောင် လုပ်ပြီးမှ သုံးဖို့မမေ့ပါနဲ့။ ထိပ်အရမ်းတုံးတဲ့ ခံတံတွေသုံးတာက ပုံဖော်ရတာမသေသပ်တော့ဘဲ ဘေးကိုပါပျံ့ပြီး ထူထူကြီး ဖြစ်သွားတတ်ပါတယ်။

သေချာ Blend မလုပ်တာ

Lip Liner နဲ့ နှုတ်ခမ်းနီ နှစ်မျိုးလုံးဆိုးပြီးရင် ရောသွားအောင် Blend သေချာလုပ်ပေးရပါတယ်။ Blend မလုပ်တဲ့အခါ အရောင်နှစ်မျိုးကွဲပြီး ကြည့်လို့မကောင်းပါဘူး။ Lip Brush လေးနဲ့ညှိနိုင်သလို လက်ထိပ်လေးနဲ့ပွတ်ပြီး Blend ပေးတာမျိုးလည်းလုပ်နိုင်ပါတယ်။

နှုတ်ခမ်း Line အတိုင်းမဆွဲတာ

Liner ကို ပင်ကိုယ်နှုတ်ခမ်းပုံစံလေးအတိုင်း အပေါ်ကထပ်ဆွဲပေးတာက သင့်ကိုသဘာဝဆန်တဲ့ နှုတ်ခမ်းဖူးလေး ပိုင်ဆိုင်စေမှာပါ။ ဒီလိုမဟုတ်ဘဲ နှုတ်ခမ်း Line အောက်ကနေ ဖြည့်ဆိုးတာ၊ အပေါ်ဘက်အရမ်းတက်ပြီး ဆိုးတာတွေ လုပ်မိရင်တော့ မဆွဲတတ်ဘဲ ဆွဲထားတဲ့ပုံပေါက်စေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar