မင်္ဂလာပါ ပျိုမေတို့ရေ။ ဆေးဆိုးထားတဲ့ ဆံသားက အားပျော့ပြီး ပျက်စီးလွယ်တာမို့ ခေါင်းပြန်လျှော်တဲ့အခါ ရိုးရိုးဆံသားထက် သတိထားလျှော်ဖို့လိုပါတယ်နော်။ အရောင်ချွတ်ပြီးဆိုးထားတဲ့သူတွေက ပိုဂရုစိုက်ရပါတယ်။ ခေါင်းလျှော်ရည်အရွေးမှား၊ လျှော်နည်းမမှန်ရင် ကာလာမခံတာ၊ ဆံသားကြမ်းတမ်းတာတွေ ဖြစ်လာမှာပါ။ ဒါတွေကိုရှောင်နိုင်ဖို့ ဆေးဆိုးပြီးနောက် ခေါင်းလျှော်တဲ့အခါ သတိထားလုပ်ရမယ့်အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။

တစ်ပတ်နှစ်ကြိမ်ထက် ပိုပြီးမလျှော်ပါနဲ့

ဆေးဆိုးထားတဲ့ဆံသားက ခေါင်းခဏခဏလျှော်လေလေ အရောင်ကျဖို့လွယ်လေဖြစ်တာမို့ တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲ လျှော်ပေးတာပိုကောင်းပါတယ်။ ဒါ့အပြင် ခေါင်းအရမ်းလျှော်တာက ဦးရေပြားနဲ့ဆံသားအဆီခန်းခြောက်စေတာမို့ ဆံပင်ပိုကြမ်းပါတယ်။ ခေါင်းချွေးပြန်ပြီး အနံ့ထွက်တတ်တဲ့သူတွေက Dry Shampoo လေးသုံးတာ၊ ခေါင်းလျှော်ရည်မပါဘဲ Conditioner တစ်ခုထဲနဲ့ ရံဖန်ရံခါလျှော်ပေးတာမျိုး လုပ်ပေးပါ။

အရောင်ထိန်းပေးတဲ့ ခေါင်းလျှော်ရည်မျိုးသုံးပေးပါ

အရောင်ဆိုးထားတဲ့သူတွေက ခေါင်းလျှော်အရွေးမမှားဖို့ အရေးကြီးတာမို့ သင့်အနေနဲ့ ကာလာထိန်းပေးတဲ့ခေါင်းလျှော်ရည်တွေ၊ Sulfate Free ဖြစ်တာတွေ ရွေးသုံးပေးဖို့လိုပါတယ်။

Conditioner မဖြစ်မနေ သုံးဖို့လိုပါတယ်

အရောင်ဆိုးထားတဲ့ဆံသားက ပုံမှန်ထက် ထိခိုက်ပျက်စီးလွယ်တာမို့ Conditioner ပုံမှန်သုံးပြီး အစိုဓာတ်ထိန်းထားဖို့ အရေးကြီးပါတယ်။ Conditioner ပုံမှန်သုံးပေးမှ ဆေးဆိုးပြီး ဆံသားကို အရောင်မြန်မြန် မလွင့်အောင် ထိန်းပေးရာရောက်မှာပါ။

ရေအပူနဲ့ခေါင်းလျှော်တာကို ရှောင်ပါ

အပူက အရောင်ကျွတ်သလို ဆံသားလည်းကြမ်းစေတာမို့ ဆေးဆိုးထားတဲ့ဆံသားအတွက် မကောင်းပါဘူး။ ဆေးဆိုးပြီးဆံပင် မပျက်စီးရအောင် ရေအပူနဲ့ ခေါင်းလျှော်တာ၊ နေရောင်နဲ့တိုက်ရိုက်ထိတာနဲ့ အပူခံ Spray မသုံးဘဲ ဆံပင်ပုံသွင်းတာတွေ မလုပ်မိအောင် သတိထားပေးပါ။

Hair Mask တွေ သုံးပေးဖို့လိုပါတယ်

ဆေးနဲ့ထိထားတဲ့ဆံသားက အနည်းနဲ့အများ ဆံလုံးကြမ်းနေတတ်တာမို့ Conditioner အပြင် Hair Mask လးတွေလည်း ရံဖန်ရံခါ သုံးဖို့လိုအပ်ပါတယ်နော်။ Oil နဲ့ ပေါင်းတာ (သို့) သဘာဝပစ္စည်းတွေပါတဲ့ Mask လေးတွေနဲ့ ခေါင်းမလျှော်ခင် ၁၀ မိနစ်လောက် လိမ်းပြီးပေါင်းတင်တာမျိုး လုပ်ပေးပါ။ တစ်ပတ်နှစ်ကြိမ်လောက်အထိ လုပ်နိုင်ပြီး ဆံသားနဲ့ ဦးရေပြားကို အားဖြည့်ပေးကာ ကိုယ်ဆိုးထားတဲ့အရောင်လေးကိုပါ ကြာရှည်ခံစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar