မင်္ဂလာပါ။ ဆံသားအလိပ် ကောက်ကောက်လေးတွေရဖို့ နေ့တိုင်းအပူသုံးပြီး ပုံသွင်းရတာက အလုပ်လည်းရှုပ်သလို ဆံပင်ကိုလည်း အရမ်းထိတာမို့ တော်တော်များများက အပူနဲ့ကောက်ဖို့ကို ရှောင်လာကြပါတယ်နော်။ အဲ့ဒီအစား အပူမလိုတဲ့ ဆံပင်လိပ်ပြီး ကောက်နည်းလေးတွေကို ပိုစိတ်ဝင်စားလာကြတာ တွေ့ရပါတယ်။

အပူမလိုတဲ့ ဆံပင်ကောက်နည်းတွေက ဆိုင်မသွားဘဲ အိမ်မှာပဲပြင်နိုင်တာဖြစ်လို့ အမြဲဆံသားပုံသွင်းထားရတဲ့သူတွေ၊ အပူကြောင့် ဆံသားမပျက်စီးချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဒီတော့ ပျိုမေတို့ DIY အနေနဲ့ ကိုယ်တိုင်ကောက်ကြည့်နိုင်မယ့် တကယ်တမ်းထိရောက်တဲ့ ကောက်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Headband Curls

လတ်တလော ကောင်မလေးတွေကြားအသုံးများတဲ့နည်းလေးဖြစ်ပါတယ်။ Headband ကြိုးလေးတွေက ဝယ်ရလွယ်သလို အချိန်မရွေးသုံးလို့ရတာမို့ ဆံပင်အမြဲကောက်နေရတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

ရေသိပ်မခြောက်သေးတဲ့ ဆံပင်ကို ဆံကြောင်းခွဲပြီး ကြိုးပေါ်လှန်ပတ်ပေးပါ။ အောက်အထိပတ်ပြီးတဲ့အခါ Scrunchie လေးနဲ့ ခိုင်အောင်ပြန်စည်းပေးလိုက်ရုံပါပဲ။ ဆံပင်မရှုပ်ရအောင် ဖဲသား Headband လေးတွေရွေးဝယ်ပေးပါ။ ဒီပုံစံအတိုင်းစည်းထားပြီး တစ်ညလောက်ထားပေးမယ်ဆိုရင် အပူမလိုဘဲ ရက်ပိုင်းလောက်အထိခံတဲ့ ဆံသားလိပ်အကောက်လေးတွေ ရစေမှာပါ။

၂။ Bathrobe Tie

Headband မရှိတဲ့သူတွေက Microfiber ဖြစ်တဲ့ အမွှေးနုမျက်နှာသုတ်ပုဝါအရှည်လေးသုံးပြီးတော့ ကောက်တာမျိုးလုပ်နိုင်ပါတယ်နော်။ သူ့ကိုလည်း ပုဝါကိုခေါင်းမှာ ဟိုဘက်ဒီဘက်မျှအောင်တင်ပြီး ဆံပင်နဲ့တွဲကာ ပတ်ပေးပါ။

သူ့ကိုလည်း တစ်ညလောက်ပတ်ထားနိုင်ပါတယ်။ ပုဝါပါးရင်ပါးသလို ဆံသားကောက်လိပ်အသေးလေးတွေရစေတာမို့ အပူစက်သုံးပြီး ပုံသွင်းတာနဲ့ လုံးဝမကွာပါဘူး။

၃။ Sock Curls

ခြေအိတ်အသန့်သုံးပြီး လုပ်ရမယ့်နည်းလေးပါ။ ပုံထဲကလို ခြေအိတ်တွေကို ဆံပင်နဲ့တွဲကာ ကလစ်ထိုးပြီး ပတ်ပေးပါ။ ကိုယ်လိုချင်တဲ့ အကောက်လိပ်အရွယ်အစားပေါ်မူတည်ပြီး ကြိုက်သလောက်ခြေအိတ်အရေအတွက်သုံးနိုင်ပါတယ်။

ဆံပင်တွေအားလုံးပတ်ပြီးတဲ့အခါ ကြာကြာလေးခံအောင် ကော် Spray နဲ့ဖြန်းပေးလိုက်ပါ။ ဒီအတိုင်း အနည်းဆုံး သုံးနာရီပြည့်အောင်ထားပေးရပါမယ်။ ပြန်ချွတ်တဲ့အခါ ဆံပင်ပွမနေအောင် ဆီ (သို့) Serum လေးလိမ်းပေးထားလိုက်ပါ။ ဒါဆိုရင်တော့ အပူမလိုဘဲ လှိုင်းတွန့်အကောက်လေးတွေ ပိုင်ဆိုင်နိုင်ပြီပဲဖြစ်ပါတယ်။

Photo Source: Pinterest, byrdie.com

By MyStyle Myanmar