သင်္ဘောသီးက ကျန်းမာရေးကို များစွာအထောက်အကူပြုရုံသာမက အလှအပအတွက်လည်း များစွာအကျိုးရှိစေပါတယ်နော်။ ဒါ့အပြင် ဆံသားကျန်းမာသန်စွမ်းစေဖို့အတွက် အထူးကောင်းမွန်စေတဲ့အတွက် တကယ်ကို ဘက်စုံအသုံးပြုလို့ရတဲ့ သဘာဝလက်ဆောင်မွန် တစ်ခုပါပဲ့။

သင်္ဘောသီးက ဆံပင်ပါးတာ ထိတ်ပြောင်တာကို ကာကွယ်ပေးတဲ့အပြင် ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်တာကိုပါ ကာကွယ်ပေးတာကြောင့် ဆံပင်ပါးတဲ့သူအတွက်လည်း အသုံးဝင်စေပါတယ်။ သင်္ဘောသီးမှာ ဆံသားအတွက် အာနိသင်ရှိတဲ့ အာဟာရဓါတ်တွေ များစွာပါဝင်နေတာမို့လို့ ဆံသားကျန်းမာသန်စွမ်းစေဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတစ်ခုကို အခုပဲမျှဝေလိုက်ပါတယ်နော်..

ဆံသားအတွက် သင်္ဘောသီး အသုံးပြုနည်း

ပါဝင်ပစ္စည်းများ

သင်္ဘောသီးမှည့် ၁ ခွက် (လေးထောင့်ပုံလှီးပြီးသား)

ငှက်ပျောသီးမှည့် ၁ ခွက် (လှီးပြီးသား)

ကြံသကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဒိန်ချဉ် ၁ ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဆံပင်ကိုရေလောင်းချလိုက်ပြီး စောစောကဖျော်ထားတဲ့ ပါဝင်ပစ္စည်းတွေကို ဦးရေပြားနဲ့ ဆံသားတွေပေါ် နှံ့စပ်အောင် လိမ်းပေးပါ။

အဲဒီနောက် ကျွတ်ကျွတ်အိတ် (သို့) Shower Cap အုပ်ပေးထားပြီး နာရီဝက်လောက်ထားပါ။

ကျွတ်ကျွတ်အိတ်အပေါ်ကနေ သဘက်ကို ထပ်ပတ်ပေးပြီး နောက်ထပ် တစ်နာရီခွဲလောက် ထပ်ထားပါ။

ပြီးရင် ပုံမှန်အတိုင်း ခေါင်းလျှော်ချလို့ရပါပြီ။ ခေါင်းလျှော်ပြီးရင် ပေါင်းဆေးသုံးပေးပါ။

ဆံသားတွေ နူးညံ့ချောမွေ့ ပျော့ပြောင်းလာတာကို ခံစားရစေမှာပါ။

ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၂ ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။ ဆံပင်ကျွတ်တာ ရပ်တန့်သွားစေပြီး ဆံသားတွေ ကျန်းမာသန်စွမ်းလာတာကို သိသိသာသာခံစားလာရမှာ အသေချာပါပဲ့။