အလှကြိုက်တဲ့မိန်းကလေးတွေနဲ့ လက်သည်းရှည်ထားတဲ့ မိန်းကလေးတိုင်းတွေအတွက် လက်သည်းအလှမပျက်စီးအောင် ပုံမှန်လုပ်ပေးလို့ရတဲ့ အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ လက်သည်းကို သေချာဂရုမစိုက်ပဲပစ်ထားရင် လက်သည်းဝါတာ၊ ညစ်တာ၊ ခဏခဏကျိုးပဲ့တာ၊ အရှည်နှေးတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် လက်သည်းအလှမပျက်စီးပဲ အမြဲလှနေအောင်၊ ကျန်းမာနေအောင် ဒီအရာ ၆ ခုကိုသာ ပုံမှန်လုပ်ပေးပါ။
Nail Vitamin လိမ်းပေးပါ
လက်သည်းလိမ်းတဲ့ အားဖြည့်ဆီ nail vitamin တွေကို ညအိပ်ယာဝင်ခါနီးတိုင်း၊ လက်သည်းနီတွေဆိုးပြီးတိုင်း၊ လက်သည်း cleansing လုပ်ပြီးတိုင်းမှာ လိမ်းပေးပါ။
လက်သည်းမကိုက်ပါနဲ့
လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် ကြိုးစားပြီးရအောင်ပြင်ပါ။ လက်သည်းကိုက်တာက လက်သည်းအလှ အရမ်းပျက်စီးစေပါတယ်။ ကြာရင် လက်သည်းပုတိုလေးတွေ ဖြစ်သွားပါလိမ့်မယ်။
လက်သည်းပုံသွင်းပါ
လက်သည်းလေးတွေကို ပုံမှန်ပုံသွင်းပေးပြီး လက်ဆွယ်ငုတ်တာတွေကို သေချာလုပ်ပေးပါ။ ဒါမှလက်သည်းက အမြဲလှနေမှာပါ။
Base Coat အမြဲဆိုးပါ
လက်သည်းနီဆိုးတိုင်းမှာ အရင်ဆုံး Base Coat ခံဆိုးပေးပါ။ Base Coat ခံဆိုးတာက လက်သည်းကို လက်သည်းနီတိုက်ရိုက်မထိတွေ့တဲ့အတွက် လက်သည်းပျက်စီးတာ သက်သာစေပါတယ်။
လက်သည်း Gel ဆိုးတာလျှော့ပါ
လက်သည်းနီကို Gel ဆိုးတာက လက်သည်းပျော့ပြီး ခဏခဏကျိုးတာ၊ ပျက်စီးတာတွေ ဖြစ်စေတဲ့အတွက် ခဏခဏမဆိုးတာ ပိုကောင်းပါတယ်။ ဆိုးပြီးရင်လည်း ဖျက်တဲ့အခါ ဆိုင်မှာပဲဖျက်ပါ။ ကိုယ့်ဘာသာကိုယ်ဖျက်တဲ့အခါမှာ ဆွဲခွာတာ၊ ဓားနဲ့ခြစ်တာမျိုးတွေလုပ်ရင် လက်သည်းအရမ်းပျက်စီးပါတယ်။
လက်အိတ်စွပ်လုပ်ပါ
လက်သည်းနီတွေဆိုးထားပြီး ပျက်မှာကြောက်ရင်၊ လက်သည်းကျိုးပဲ့မှာကြောက်ရင် ပန်းကန်ဆေး၊ အဝတ်လျှော်တဲ့အခါ လက်အိတ်စွပ်ပြီး လုပ်လို့ရပါတယ်။