မြန်မာမိန်းကလေးတွေအတွက်တော့ ဆံပင်ဟာ သိပ်ကိုအဖိုးတန်ပြီး မြတ်နိုးရတဲ့အလှအပတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူးနော်။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းနီးပါး သူတို့ရဲ့ဆံနွယ်လေးတွေ လှပတောက်ပြောင် သန်စွမ်းကျန်းမာစေဖို့အတွက် အချိန်တွေရော၊ ပိုက်ဆံနဲ့ အားစိုက်ထုတ်မှုတွေ အများကြီးအကုန်အကျခံလေ့ရှိကြပါတယ်။

ကဲ..သင်ရော ဆံပင်အုံထူထူနဲ့ နက်မှောင်သန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ချင်ပါသလား? ဒါကြောင့် လှပတောက်ပြောင် သန်စွမ်းကျန်းမာတဲ့ဆံသားလေးကို ပိုင်ဆိုင်ချင်ပေမယ့် သင့်ဆံပင်က အရှည် အင်မတန်နှေးနေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေ သုံးကြည့်ဖို့ တိုက်တွန်းပါရစေနော်…

ငါးကြီးဆီ

အိုမီဂါသရီးနှင့် အိုမီဂါဆစ် ဖက်တီးအက်စစ်တို့ အလွန်ကြွယ်ဝတဲ့ ငါးကြီးဆီကလည်း ဆံကေသာကို ကျန်းမာသန်စွမ်းကာ နက်မှောင်တောက်ပြောင် စေပါတယ်။ ငါးကြီးဆီကိုတော့ အစားစားတဲ့အခါ ထည့်သွင်းစားသုံးပေးပါက အချိန်တိုအတွင်းမှာ ဆံကေသာလှပလာတာကို မြင်ရမှာဖြစ်ပါတယ်။

ကြက်ဥ

ဆံပင်အရှည်မြန်ဖို့အတွက် ကြက်ဥသုံးလုံးကို အနှစ်သက်သက်၊ အကာသက်သက်ခွဲကာ နာရီဝက်စောင့်ပါ။ ပြီးရင် အကာတွေကို ဆံပင်မှာသုတ်လိမ်းပြီး ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။

အာလူးအရည်

ဗီတာမင်တွေချို့တဲ့တာကြောင့် တဖြည်းဖြည်းပါးသထက်ပါးလာပြီး ပျက်စီးစပြုလာတဲ့ သင့်ဆံကေသာအတွက် အာလူးကို အသုံးပြုပေးနိုင်ပါတယ်။

အာလူးကို အရည်ညှစ်ပြီးရလာတဲ့အရည်ကို ဆံပင်မှာ သုတ်လိမ်းကာ ၁၅ မိနစ်ထားပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ခေါင်းလျှော်လိုက်ပါ။

ကြက်သွန်နီအရည်

ကိုယ့်အိမ်ရဲ့မီးဖိုချောင်မှာရှိတဲ့ ကြက်သွန်နီသုံးလုံးခန့်ကိုယူကာ အရည်ညှစ်ထုတ်ပါ။ ရလာတဲ့အရည်ကို ဆံပင်မှာလိမ်းပြီး ဦးရေပြားကို ဖြည်းဖြည်းညှင်သာစွာ နှိပ်ပေးပါ။ အနည်းဆုံး နာရီဝက်လောက် ထားပြီး ရေနွေးနွေးနဲ့ ခေါင်းလျှော်ပါ။

ရှားစောင်းလက်ပတ်

ဆံကေသာကို အားဖြည့်ပေးပြီး ဆံပင်ကျွတ် သက်သာစေရန်အတွက် ရှားစောင်းလက်ပတ်အနှစ်ကို သံပုယိုရည်အနည်းငယ်နဲ့ရောကာ ဆံပင်မှာသုတ်လိမ်းပေးပါ။ ၁၅ မိနစ်ပြည့်ပါက ခေါင်းလျှော်ပါ။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးပါ။