နှုတ်ခမ်းဟာ အင်မတန်နူးညံ့တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဆောင်းရာသီဆိုရင် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။ အရေပြားနှင့် ဆံပင်တွေရှိတဲ့ Melanin ခေါ် အမဲရောင်ဒြပ်တစ်မျိုးဟာ နှုတ်ခမ်းသားမှာမရှိတဲ့အတွက်ကြောင့် ဆောင်းရာသီရဲ့ လေဒဏ်တွေကို ခံနိုင်ရည်မရှိသလို နှုတ်ခမ်းခြောက်လို့ တံတွေးဆွတ်ခြင်းကလည်း သူတို့ရဲ့အပေါ်ယံအလွှာကို ဖျက်ဆီးပစ်နိုင်ပါတယ်။

ဒါကြောင့် အခုလို ဆောင်းအကူးအပြောင်းလေးမှာ ရှေ့လေတွေတိုက်ပြီး အသားအရေခြောက်တာတွေ နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာတွေက အဖြစ်များကြပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတွေထဲမှာပါဝင်တဲ့ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့မဲညစ်နေတာမျိုး မဖြစ်စေဖို့ ဘယ်လိုအရာတွေကို ရှောင်ရှားပေးပြီး ဘာတွေကိုတော့ လုပ်ဆောင်ပေးဖို့ လိုအပ်သလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

Matte နှုတ်ခမ်းနီတွေဆိုးခြင်းမှ ရှောင်ရှားပေးပါ

Matte နှုတ်ခမ်းနီတွေက မိန်းကလေးတွေအားလုံးနီးပါး ကြိုက်များကြတာမှန်ပေမယ့်လည်း နှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် အလှအပနဲ့ ပတ်သက်လို့ ပြန်လည်ဝေမျှပေးကြတဲ့ Blogger တွေတောင်မှ Matte နှုတ်ခမ်းနီတွေကို အသုံးပြုပြပြီးတိုင်းမှာ သူတို့ရဲ့နှုတ်ခမ်းသားကို အစိုဓါတ်ပြန်လည်ရရှိအောင် ထိန်းသိမ်းမှုတွေ ပြုလုပ်ကြပါတယ်။

Lip Scrub ပြုလုပ်ပေးပါ

ချေးချွတ်ခြင်းကလည်း ကျန်းမာလှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေနိုင်ပေမယ့်လည်း ချေးချွတ်တဲ့အခါမှာ သဘာဝနည်းလမ်းလေးတွေကိုပဲ အသုံးပြုဖို့ အရေးကြီးပါတယ်။ အပြင်မှာဝယ်မယ်ဆိုရင်လည်း ပါဝင်ပစ္စည်းစာရင်းကို သေချာစစ်ဖို့လိုအပ်သလို အိမ်မှာလည်း ကိုယ်တိုင်ကိုယ်ကျ သဘာဝနည်းလေးတွေကိုလည်း အလွယ်တကူ ပြုလုပ် အသုံးပြုနိုင်ပါတယ်နော်။

နှုတ်ခမ်းအတွင်းအပြင် အစိုဓာတ်ထိန်းသိမ်းပါ

အခုလိုဆောင်းရာသီအကူးအပြောင်းမှာ နှုတ်ခမ်းသားတွေက ပိုပြီးခြောက်သွေ့အက်ကွဲလွယ်တဲ့အတွက် နေ့စဉ် ရေများများသောက်သုံးပေးပြီး  Lip Balm တို့ Moisturizer တို့ကို လိမ်းပေးဖို့ မမေ့နဲ့နော်။

သခွားသီးကပ်ပါ

သခွားသီးတွေက မျက်နှာအသားအရေအတွက်သာ အသုံးဝင်တာမဟုတ်ဘဲ နှုတ်ခမ်းသားအတွက်လည်း အစွမ်းထက်တဲ့ သဘာဝပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး သို့မဟုတ် သခွားသီးအနှစ်ကို နှုတ်ခမ်းမှာ ၅ မိနစ်မှ ၁၀ မိနစ်အထိ ကပ်ပေး၊ တင်ထားပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးကို စိုပြေလာစေမှာဖြစ်ပါတယ်။

အက်စစ်ဓာတ်များတဲ့ အစားအစာများနဲ့ အပူအစပ်တွေ စားသုံးခြင်းကို ရှောင်ကြဉ်ပေးပါ

အက်စစ်ဓာတ်နဲ့ အပူအစပ်တွေပါတဲ့ အစားအသောက်တွေကို စားသုံးခြင်းက နှုတ်ခမ်းရဲ့အပေါ်ယံကာကွယ်အလွှာကို ပျက်စီးသွားစေနိုင်တာကြောင့် ခြောက်သွေ့အက်ကွဲတဲ့ နှုတ်ခမ်းတစ်စုံကို မပိုင်ဆိုင်ချင်ဘူးဆိုပါက ဒီလိုအစားအစာတွေကို ရှောင်ကြဉ်ပေးဖို့ လိုမယ်နော်။

Source: BrightSide