မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ ညအိပ်ရာဝင်တဲ့အချိန်အထိ မနားမနေ အလုပ်လုပ်ရတဲ့အထဲမှာ မျက်စိတွေလည်း ပါဝင်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေ၊ ဖုန်းအသုံးများတဲ့သူတွေအနေနဲ့ အချိန်ကြာလာတဲ့အခါ မျက်စိအားနည်းလာတတ်ပြီး မျက်မှန်အကူအညီယူရတော့တာပေါ့။

မျက်လုံးအားနည်းတာကြောင့် အမြင်အာရုံဝေဝါးတဲ့အခါ မျက်လုံးအားပြန်ဖြည့်ပေးမယ့် လေ့ကျင့်ခန်းလေးတွေလည်း ပြုလုပ်ပေးသင့်ပါတယ်။

ပြတင်းပေါက်မှန် လေ့ကျင့်ခန်း

ပြတင်းပေါက်မှန်ပေါ်မှာ အမဲစက်လေး တစ်စက် တင်ကြည့်လိုက်ပါ။ ပြတင်းပေါက်အပြင်ဘက် ခပ်ဝေးဝေးမှ အရာဝတ္ထုတစ်ခုကို ရွေးချယ်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာအောင် ကြည့်ပေးလိုက်ပါ။ ထိုကဲ့သို့ကြည့်နေရင်းနဲ့မှ မှန်ပေါ်က အမဲစက်ကို ပြန်ကြည့်လိုက်ပါ။ ၅ ကြိမ် ပြုလုပ်ပေးပါ။

မျက်လုံးအဖွင့်အပိတ် လေ့ကျင့်ခန်း

ခုံတစ်ခုံမှာ မတ်မတ်ထိုင်နေပါ။ မျက်လုံးများကို ၅ စက္ကန့်ကြာ တင်းကြပ်စွာပိတ်ထားပြီးနောက် မျက်လုံးပြန်ပြူးထားလိုက်ပါ။ ၈ ကြိမ်ကနေ ၁၀ ကြိမ်အထိပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက မျက်ခွံကြွက်သားတွေကို အားပြည့်စေပြီး သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

လက်ဖဝါးပွတ်ပြီး အုပ်ထားသော လေ့ကျင့်ခန်း

စိတ်ပျော်ရွှင်စေမယ့် အကြောင်းအရာတစ်ခုကို တွေးတောစဉ်းစားရင်း မျက်လုံးကို မိနစ်အနည်းငယ်ကြာ မှိတ်ထားလိုက်ပါ။ ထို့နောက် လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်တိုက်ပေးလိုက်ပါ။ လက်ဖဝါးပူပူနွေးနွေးဖြင့် ပိတ်ထားသော မျက်လုံးပေါ်မှာ အုပ်ထားလိုက်ပါ။ တစ်မိနစ်လောက်ကြာမှ မျက်လုံးပြန်ဖွင့်လိုက်ပါ။

မျက်လုံးကို ရေဆေးပေးပါ။

တစ်နေ့နှစ်ကြိမ် ဆေးပေးရပါမယ်။ မနက်ပိုင်းမှာတော့ ရေနွေးနွေးနဲ့ အရင်သစ်ပြီးနောက် ရေအေးနဲ့ ပြန်သစ်ပေးပါ။ ညနေပိုင်းမှာတော့ မျက်လုံးကို ရေအေးနဲ့ ဆေးပြီးမှ ရေနွေးနဲ့ ဆေးပေးလိုက်ပါ။

လက်မ လေ့ကျင့်ခန်း

လက်မကို သင့်မျက်နှာရှေ့တည့်တည့်မှာ ထောင်ထားပြီး လက်မရဲ့ လက်သည်းခွံကို စူးစိုက်ကြည့်နေပါ။ ထိုကဲ့သို့ ကြည့်နေရင်းနဲ့ လက်မကို နှာခေါင်းနားဆီ တဖြည်းဖြည်းဆွဲကပ်လိုက်ပါ။ ဆွဲကပ်ပြီးနောက် မူလအနေအထားသို့ ဖြည်းဖြည်းချင်း အဝေးသို့ပို့လိုက်ပါ။ ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

မျက်စိမှိတ်လေ့ကျင့်ခန်း

မျက်လုံးကို ၅ စက္ကန့်ကြာအောင် တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်ပါ။ ထို့နောက် လှပ်ခနဲပြန်ဖွင့်လိုက်ပါ။ ၁၀ ကြိမ် ပြုလုပ်ပေးရပါမယ်။

စက်ဝိုင်းလေ့ကျင့်ခန်း

မျက်လုံး သူငယ်အိမ်ကို နာရီလက်တံအတိုင်း စက်ဝိုင်းပုံ ၄ ကြိမ် လှည့်ပတ်ပေးပါ။ ထို့နောက် နာရီလက်တံပြောင်းပြန်အတိုင်း စက်ဝိုင်းပုံသဏ္ဍာန် ၄ ကြိမ် လှည့်ပတ်ပေးပါ။

မျက်စိလှည့် လေ့ကျင့်ခန်း

မျက်လုံးကို ဘယ်မှညာသို့၊ ညာမှဘယ်သို့ ဖြည်းညှင်းစွာ ရွေ့လျားပေးပါ။ ၆ ကြိမ် ပြုလုပ်ပေးရပါမယ်။

Source: Brightside.me