လူတွေအကြားမှာ ထင်ရှားတဲ့သူတွေဟာ ရုပ်ချောလို့ မဟုတ်ပါဘူး။ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်လို့ ပိုပြီးလူသိများ မိတ်ဆွေပေါများလာကြတာပဲ့ဖြစ်ပါတယ်။ စကားပြောကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ပြောသလောက် သိပ်တော့ မလွယ်ကူလှပါဘူး။ အပြောအဆို အချိုးကျဖို့ လိုသလို တစ်ဖက်လူနဲ့ အပြန်အလှန်ပြောဆိုတာတွေမှာလည်း မျှတအဆင်ပြေနေဖို့တော့ လိုပါမယ်နော်။
ကဲ..ဒါကြောင့် ဗဟုသုတကြွယ်ဝဖို့ လိုသလို လူမှုဆက်ဆံရေး ကောင်းဖို့လည်း လိုအပ်ပါတယ်။ စကားပြောကောင်းခြင်းကနေရတဲ့ အကျိုးကျေးဇူးတွေက လူတစ်ယောက်ရဲ့ ဘဝအခြေအနေကို အမြင့်ဆုံးထိရောက်အောင် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် စကားပြောကောင်းသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာ လေ့ကျင့်ထားသင့်တယ်နော်။
နားထောင်တတ်တဲ့သူ ဖြစ်ပါစေ
အပြောကောင်းသူဆိုတာ တစ်ဝိုင်းလုံး သူ့စကားချည်းဆိုသူ မဟုတ်ပါဘူး။ အစည်းအဝေးမှာ တစ်ယောက်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့ချိန်ဖြစ်ဖြစ် လူတွေရှုပ်နေတဲ့ အလုပ်ခန်းထဲမှာ လုပ်လုပ်နေချိန်မှာ ဖြစ်စေ နောက်ဆုံး ဘားမှာ သွားသောက်တဲ့အချိန် ဖြစ်ဖြစ် အရင်ဆုံး တစ်ဖက်လူကို အလှည့်ပေး နားထောင်တတ်တဲ့ အကျင့်ရှိတာက အကောင်းဆုံး စကားပြောနည်း ဖြစ်ပါတယ်။ ဒီနည်းနဲ့ စကားဝိုင်းတစ်ခု လွယ်ကူချောမွေ့သလို တစ်ဖက်လူဆီက အတွေ့အကြုံတွေလည်း တနင့်ကြီး ရနိုင်ပါတယ်။
ချီးမွမ်းထောက်ခံပေးပါ
ရိုးသားပြီး အတွေးအခေါ်ပါတဲ့ ချီးကျူးထောက်ခံမှုလေးတွေက သိပ်ကို တာသွားပါတယ်။ လူတိုင်းမှာ ချီးကျူးစရာတွေ အနည်းအများဆိုသလို ရှိပါတယ်။ ကောင်းကွက်ကလေးတွေ ထောက်ပြီး သေချာသုံးသပ်ထားတဲ့ အမြင်နဲ့ ချီးကျူးစကားဆိုတာဟာ တကယ်ပဲ ထိရောက်ပါတယ်။ အသေးစိတ်ကလေးတွေကိုပါ မြင်အောင် ကြည့်သူ ဖြစ်လို့ သူဟာ အသားလွတ် မြှောက်ပင့်ပေးလိုက်တာ မဟုတ်ဘူးဆိုတာ အားလုံး သဘောပေါက်ပြီး လေးစားသွားပါလိမ့်မယ်။
စကားပြောဆိုမှုကို လေ့ကျင့်ပါ
အလေ့အကျင့်က စကားပြောပါတယ်။ စင်ပေါ်မှာ ဖြစ်စေ ဒီအတိုင်း ကော်ဖီဝိုင်းမှာ စကားပြောတာဖြစ်စေ စကားဝိုင်းကို အကောင်းဆုံး ပွဲထိန်းသွားနိုင်သူ ဖြစ်ဖို့ ဆိုတာ အမြဲတမ်း လေ့ကျင့်ရေး ဆင်းနေရပါတယ်။ စကားပြောကောင်းသူတွေရဲ့ ပြောဟန်ဆိုဟန်ကို လေ့လာနားထောင်ပါ။ အပြောအဆို ညက်တဲ့ လူတွေဆီက အတွေ့အကြုံယူပါ။ ဒီလေ့လာမှုတွေကနေ သင့်ရဲ့ စကားပြောဆိုမှု အတွေ့အကြုံကို မြှင့်တင်နိုင်ပါတယ်။
စကားဝိုင်း အသွားအလာကို သိထားပါ
စကားပြောကောင်းသူဖြစ်ဖို့အတွက် စကားဝိုင်းရဲ့ လမ်းကြောင်းနဲ့ အဆုံးသတ်ကို မျက်ခြေမပြတ် သိနေအောင် လုပ်ပါ။ စကားဝိုင်းတစ်ခု စိုပြေနေစေဖို့ ဘယ်အချိန်မှာ ဘယ်လိုစကားဝိုင်းကို နှိုးလိုက်ရမလဲဆိုတာကို သိပါစေ။ လိုအပ်ရင် မေးခွန်းလေးတွေ ၊ ဟာသနဲ့ ဇာတ်လမ်းတိုလေးတွေကို ပစ်ထည့်ပါ။ ဒါဆိုရင် စကားဝိုင်းဟာ အသက်ဝင်ပြီး စိတ်ဝင်စားစရာဖြစ်နေမှာပါ။