ဘဝမှာ ကျရှုံးခြင်းတွေနဲ့ ကြုံတွေ့ရရင် စိတ်ဓာတ်မကျပါနဲ့။ ဒီကျရှုံးခြင်းတွေကပဲ သင့်ကို ပိုပြီး တိုးတက်လာအောင်၊ အောင်မြင်မှုရလာအောင် တွန်းပို့ပေးနိုင်ပါတယ်။ ဒါကြောင့် ကျရှုံးခြင်းတွေနေ ဒီလိုကောင်းမွန်တဲ့ စိတ်ဓာတ်ခွန်အားတွေကို ရရှိလာမှာပါ။

မှန်ကန်တဲ့လမ်းကြောင်းကိုရောက်စေခြင်း

ဒီလိုကျရှုံးခြင်းတွေနဲ့ကြုံရတဲ့အခါ ကိုယ်လုပ်မိတဲ့အရာတွေ၊ မှားယွင်းနေတဲ့အရာတွေကနေ မှန်ကန်တဲ့လမ်းကြောင်းရောက်အောင် ပို့ပေးနိုင်ပါတယ်။ ရှေ့မှာလုပ်ခဲ့တာတွေက မှားယွင်းနေလို့ ကျရှုံးရတာကို သိလာပြီး ပြင်ဆင်နိုင်မယ်၊ ဒါမှလည်း ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းကို ရှာတွေ့လာပါမယ်။

သင်ခန်းစာရလာခြင်း

မအောင်မြင်ခြင်းတွေ၊ ကျရှုံးခြင်းတွေကနေ သင့်ကိုသင်ခန်းစာတွေ၊ အတွေ့အကြုံတွေ အများကြီး ရသွားစေပါတယ်။ ဖြစ်ခဲ့တာ၊ ကြုံခဲ့တာတွေကို သင်ခန်းစာယူပြီး နောင်ရှေ့ဆက်လုပ်မယ့်အရာတွေမှာ ဒါမျိုးထပ်မဖြစ်အောင် ဆင်ခြင်လို့၊ ပြောင်းလဲလို့ ရသွားပါမယ်။

ပိုပြီးရဲရင့်လာခြင်း၊ သတ္တိရှိလာခြင်း

ကျရှုံးမှုတွေကို ကြုံတွေ့ပြီးနောက်မှာတော့ အရင်ကလို သိပ်ပြီးကြောက်ရွံ့မှုတွေ ရှိတော့မှာမဟုတ်ပါဘူး။ အရင်ထက်ပိုပြီး ရဲရင့်လာမယ်၊ သတ္တိရှိလာမယ်။ သေချာစဉ်းစားပြီး ပြတ်ပြတ်သားသား လုပ်နိုင်လာပါမယ်။ အတွေးအခေါ်တွေလည်း ပိုပြီးကောင်းလာမှာပါ။

ကြိုးစားချင်စိတ်တွေပိုဖြစ်လာခြင်း

ကျရှုံးမှုတွေနဲ့ ကြုံတွေ့ပြီးရင် တချို့ကတော့ စိတ်ဓာတ်ကျပြီး ပြန်မထနိုင်တော့ပါဘူး။ တချို့ကျတော့ စိတ်ဓာတ်မကျပဲ မခံချင်စိတ်တွေနဲ့ ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာပါမယ်။ ဖြစ်ချင်စိတ်တွေ ပိုများလာပြီး ပိုကြိုးစားလာမှာပါ။

ပြန်လည်တည်ဆောက်ဖို့အင်အားတွေရလာခြင်း

ကျရှုံးမှုတွေနဲ့ကြုံရင် တချို့က စိတ်ဓာတ်ကျပြီး ဆက်မလုပ်ကြတော့ပေမယ့် ကြိုးစားချင်စိတ်ရှိတဲ့သူတွေ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေကျတော့ စိတ်ဓာတ်ပိုမာလာပြီး နောက်တစ်ကြိမ် ပြန်လည်တည်ဆောက်ဖို့အတွက် အင်အားတွေ ပိုရလာပါတယ်။