အသားအရေကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ရာသီဥတု အေးလို့လည်း ဖြစ်နိုင်သလို စိတ်ဖိစီးမှုတွေ သိပ်များလို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှု သိပ်မြင့်မားလို့လည်း ဖြစ်တတ်တာပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် အရေပြားကျန်းမာသန့်ရှင်းရေးအတွက် ထိန်းသိမ်းပေးဖို့ လိုပါတယ်။ ဒီတစ်ခါမှာ အိမ်ထဲမှာတင် အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေနဲ့ အသားအရေတင်းရင်း သန့်ရှင်းစေမယ့်နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ခရမ်းချဉ်သီး ၊ သခွား Toner

ခရမ်းချဉ်သီးတစ်လုံးနဲ့ သခွားသီးတစ်စိတ်ကို ကြိတ်စက်ထဲ ထည့်ပြီး အနှစ်ဖြစ်အောင် လုပ်ပါ။ ဖန်ခွက်တစ်ခုခုထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ၃ ရက်ကြာအောင် အအေးခံရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Cotton Pad လေးနဲ့ တို့ယူပြီး မျက်နှာနဲ့ လည်ပင်းတွေကို သုတ်ပေးနိုင်ပါတယ်။ Free Radicals တွေ ဖယ်ရှားပေးနိုင်လို့ အသားအရေ ကျန်းမာသန်စွမ်းစေပါတယ်။ မျက်နှာပေါ်မှာ ၅ မိနစ်ထားပြီးနောက် ရေခပ်နွေးနွေးနဲ့ ဖယ်ရှားရမှာ ဖြစ်ပါတယ်။

(၂) ခရမ်းချဉ်သီး Face Scrub

ခရမ်းချဉ်သီးစိပ်လေးတွေ လုပ်ထားပါ။ ပြီးရင် သကြားစားပွဲတင်ဇွန်း ၅ ပုံတစ်ပုံခန့်ကို ခရမ်းချဉ်သီးစိပ်တွေပေါ် ဖြူးပေးထားပါ။ ပြီးရင်တော့ မျက်နှာပေါ် စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်း နှိပ်နယ်ပွတ်သပ်ပေးပါ။ နှံ့သွားပြီဆိုမှ ရေနွေးနွေးနဲ့ ဆေးပေးရမှာ ဖြစ်ပါတယ်။ ညမအိပ်ခင် လုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က အညစ်အကြေး အဆိပ်အတောက်တွေ လွယ်ကူမြန်ဆန်စွာ ဖယ်ရှားပေးနိုင်မှာပါ။

(၃) စပျစ်သီး ၊ ကြက်ဥ Skin Firmer

အသားအရေ တင်းရင်းကြည်လင်ပြီး နေလောင်ဒဏ်သက်သာစေဖို့ ကြက်ဥ ၁ လုံး ၊ စပျစ်သီး ၇ လုံး ကြိတ်စက်ထဲ ညက်နေအောင် ကြိတ်ပေးပါ။ ကြိတ်လို့ရလာတဲ့ အရည်ကို မျက်နှာနဲ့ လည်ပင်းမှာ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်ကြာရင်တော့ ရေဆေးချလိုက်ရမှာပါ။

(၄) အယ်လ်မွန် ၊ မယောနိစ် Scrub

ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားအားဖြစ်စေဖို့ပါ။ အယ်လ်မွန်စေ့ ခွက်တစ်စိတ်စာ ၄၀ဂရမ်ကို ကြိတ်စက်မှာ ထည့်ကြိတ်ပါ။ ပြီးရင် မယောနိစ် စားပွဲတင်ဇွန်း ၈ ပုံတစ်ပုံနဲ့ ရောပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ ငြင်ငြင်သာသာလေး လိမ်းပြီး နှိပ်ပေးပါ။ ၁၀ မိနစ်လောက် ကြာရင် ရေခပ်နွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးဖို့ လိုပါတယ်။