ဟိုနားဒီနား အထားမှားလို့ပစ္စည်းတွေ ခဏခဏပျောက်တာမျိုး ဖြစ်ဖူးတယ်ဆိုရင် အခုပြောမယ့် နည်းလမ်းလေးတွေ ကျင့်သုံးသင့်ပါတယ်။ အပျောက်မှားတဲ့ ပစ္စည်းတွေထဲမှာ သော့လို ၊ ပိုက်ဆံအိတ်လို ၊ ခရစ်ဒစ်ကတ်လို အရေးပါပြီး သေးမွှားတဲ့ပစ္စည်းတွေ ဖြစ်တတ်ပါတယ်။ ဒီလိုပစ္စည်းတွေကို မပျောက်ပျက်အောင်နဲ့ရှာရလွယ်အောင် ဒီအချက်တွေလိုက်နာသင့်ပါတယ်။

(၁) နေရာအတည်တကျ သတ်မှတ်ထားရှိပါ

သော့ဆို ပုံမှန်ချိတ်ရမယ့် နေရာမှာအမြဲထားတဲ့ အကျင့်လုပ်သင့်သလို နေ့စဉ်သုံးပြီး ကိုယ်နဲ့မကွဲမကွာပါနေတတ်တဲ့ ဖုန်း ၊ ပိုက်ဆံအိတ်စတာတွေကို သူ့နေရာနဲ့သူသီးသန့်ထားမယ်ဆိုရင် ရှာဖို့လည်း လွယ်ပြီး အရေးအကြောင်းဆိုအလွယ်ကလေး ထယူနိုင်မှာပါ။

(၂) သန့်ရှင်းရေးလုပ်ပါ

ရုံးမှာပဲ ဖြစ်ဖြစ်အိမ်မှာပဲ နေနေ ကိုယ်နေတဲ့ နေရာမှာ ပစ္စည်းတွေရှုပ်ပွနေအောင် မထားသင့်ဘဲ တတ်နိုင်သမျှ ရှင်းလင်းထားသင့်ပါတယ်။ အခန်းကရှင်းလေလေ ပျောက်တဲ့ပစ္စည်း ရှာရာမှာလည်း မြန်လေလေပါပဲ။

(၃) အရန်ထားပါ

အသုံးများတဲ့ သော့လိုပစ္စည်းမျိုးကိုတော့ အပိုတစ်စုံဆောင်ထားသင့်ပါတယ်။ Backup အပို ရှိတာဟာအရေးပေါ် အခြေအနေတိုင်းအတွက် ပြင်ဆင်ပြီး ဖြစ်စေပါတယ်။

(၄) အစီအစဉ်တကျ ရှိပါစေ

မနက်ရုံးတက်မယ်ဆိုပါစို့။ ရုံးကိုယူသွားမယ့်ပစ္စည်း ပစ္စယကို ညကတည်းက မအိပ်ခင်စီစဉ်တာဟာ အချိန်လေလွင့်တာသက်သာစေသလို ပစ္စည်းတွေမေ့ကျန်နေတာမျိုးလည်း မဖြစ်တော့ပါဘူး။

(၅) အရေးကြီးတဲ့ပစ္စည်းတွေကို တစ်နေရာတည်းမှာစုစည်းထားပါ


ဘွဲ့လက်မှတ်လို အိမ်ထောင်စုဇယားလို စာရွက်စာတမ်းတွေကို ဖိုင်တွဲနဲ့ စနစ်တကျသိမ်းထားမယ်ဆိုရင် သယ်လို့ပြုလို့လည်း လွယ်သလိုတစ်နေရာကနေ တစ်နေရာ ယူသွားချိန်မှာလည်း တစ်ခါတည်း အကုန်ပါပြီး ဖြစ်စေမှာပါ။