လူတိုင်းကတော့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် ကြိုးစားနေကြတာချည်းပါပဲ့။ အောင်မြင်ဖို့ဆိုတာကလည်း ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကိုပေါင်းစပ်ပြီးမှသာ ရရှိနိုင်တဲ့ အရာမျိုးဆိုတာ အားလုံးသိပြီးသားဖြစ်ကြမှာပါနော်။ အဲ့ဒါတွေအပြင် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ကောင်းကောင်းရပ်တည်သွားနိုင်ကြတဲ့သူတွေမှာ အများဆုံးတွေ့မြင်ရတတ်တဲ့ စိတ်နေသဘောထားတွေ အမူအကျင့်လက္ခဏာရပ်လေးတချို့ ရှိပါတယ်။

ဒါကြောင့် သင်လည်း အောင်မြင်တဲ့သူတစ်ဦးဖြစ်ချင်ရင်တော့ ဒီအမူအကျင့်လေးတွေကို အတုယူ လိုက်နာလုပ်ဆောင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

ဖြစ်ချင်တာတွေကို အတိအကျသိတဲ့သူ

အောင်မြင်ဖို့အလားအလာရှိနေတဲ့သူတွေ တော်တော်များများက သူတို့ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာမျိုးကို ကြိုစဉ်းစားထားပြီးသားဖြစ်ပါတယ်။ ဘယ်လိုအလုပ်မျိုးကိုလုပ်ချင်တယ်၊ အဲဒီအလုပ်က ပိုစိတ်ဝင်စားစရာကောင်းပြီး စိတ်ကိုလည်းပျော်ရွှင်စေမယ်ဆိုတာကို နားလည်သိရှိထားမယ်ဆိုရင် ဒါကအောင်မြင်မှုကိုရှာတွေ့နိုင်မယ့် လမ်းစလို့ ဆိုလို့ရပါတယ်နော်။

ကျရှုံးခြင်းကို ကောင်းကောင်းရင်ဆိုင်ကျော်ဖြတ်ရဲတဲ့သူမျိုး

ကောင်းမွန်တဲ့ရလဒ်မျိုးတွေကို ပိုင်ဆိုင်ရမယ်လို့ ယုံကြည်မှုရှိတယ်။ အောင်မြင်မှုဆိုတဲ့လမ်းကြောင်းမှာ အနှောက်အယှက်တွေ အဖျက်အစီးတွေဆိုတာတော့ ရှိစမြဲပါပဲ့လေ။ ဒါတွေကို ကျော်လွှားပြီး ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ရနိုင်မယ်ဆိုတဲ့ စိတ်မျိုးကိုထားနိုင်မယ်ဆိုရင် အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်ရနိုင်မှာပဲဖြစ်ပါတယ်။

Planကောင်းကောင်းချတတ်တဲ့သူ

အစီအစဉ်တွေဆိုတာကိုလည်း တစ်ခါထဲတွေးထားပြီးသားဖြစ်နေမယ်။ အသက်ဘယ်အရွယ်မှာ ဘာလိုအနေအထားမျိုးကို ပိုင်ဆိုင်နေရမယ်ဆိုတဲ့ ရည်မှန်းချက်တွေလည်းရှိထားပြီးသားပါ။ ငွေကြေးဆိုရင်လည်း ရတာတွေအကုန်လုံးကို သုံးမပစ်ပဲ စုသင့်သလောက်ကိုစုပြီး ရှေ့ရေးအတွက် မျှော်မှန်းထားတတ်တဲ့သူတွေဆိုရင်လည်း အောင်မြင်နိုင်မယ့်သူတွေလို့ သတ်မှတ်ထားလို့ရပါတယ်နော်။

မခံချင်စိတ်နဲ့ ပိုပြီးကြိုးစားလေ့ရှိတဲ့သူမျိုး

ကိုယ့်ကိုအထင်သေးနေတဲ့သူတွေရဲ့ စကားလုံးတွေအောက်မှာ ကျရှုံးမသွားပဲ လုပ်နိုင်တယ်ဆိုတာမျိုးကိုပဲ ခေါင်းထဲမှာထည့်ထားပြီး ကြိုးစားသွားချင်တဲ့စိတ်မျိုးရှိတဲ့သူတွေကလည်း အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်သွားနိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။

စိတ်ဓါတ်ခိုင်မာမှုကြီးတဲ့သူမျိုးတွေ

ကျရှုံးမှာတွေကိုလည်း ကြောက်ရွံ့မနေပဲ ရှေ့ဆက်တိုးဖို့ကိုပဲ စိတ်အားထက်သန်နေတဲ့သူတွေကလည်း အောင်မြင်နိုင်ဖို့ အလားအလာရှိပါတယ်။ ကိုယ်သွားချင်တဲ့ရည်မှန်းချက်တစ်ခုကို မရောက်မချင်း ဇွဲမလျော့ပဲကြိုးစားတတ်တဲ့သူမျိုးဆိုရင်တော့ အချိန်တန်ရင် အောင်မြင်မှုဆိုတာနဲ့ တွေ့ကြုံလာရမှာပဲ ဖြစ်ပါတယ်။