ကိုရီးယားမှာဆိုရင် နာမည်ကြီး မင်းသားမင်းသမီးတွေပဲဖြစ်ဖြစ် အိုင်ဒေါတွေပဲဖြစ်ဖြစ် ပရိတ်သတ်တွေက ချစ်စနိုးနဲ့ တိရိစ္ဆာန်လေးတွေနဲ့ တူတယ်ဆိုပြီး နှိုင်းယှဥ်ပြီး ပြောလေ့ရှိကြပါတယ်။ ဒီထဲမှာ လူပြောအများဆုံးကတော့ ကြောင်နဲ့ ခွေးပေါက်စလေးတွေပါပဲ။

မျက်လုံးလေးတွေဖြစ်ဖြစ် နားရွက်လေးတွေဖြစ်ဖြစ် မျက်နှာပေါက်ပဲဖြစ်ဖြစ် ဒီချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေနဲ့ တူတယ်ဆိုပြီး ပြောလေ့ရှိကြတဲ့အထဲကမှ အခုတစ်ခါမှာတော့ ခွေးပေါက်စလေးတွေနဲ့တူတဲ့ မင်းသားတွေအကြောင်းပဲဖြစ်ပါတယ်။

ကဲ..ဒါဆိုရင် ကိုယ်ကြိုက်တဲ့မင်းသားများ ပါမလားဆိုတာ အခုပဲ ကြည့်လိုက်ရအောင်နော်။

Nam Joo Hyuk

မင်းသား Nam Joo Hyuk ကတော့ မကြာသေးခင်ကပဲ ပြသပြီးသွားတဲ့ “Twenty Five, Twenty One” ဇာတ်ကားနဲ့ ပျိုမေတို့အသည်းကို ဖမ်းစားထားသူပါ။ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်အချိုးအစား မိုက်မိုက်၊ သရုပ်ဆောင်ကောင်းတာအပြင်ကိုမှ ခွေးပေါက်စလေးနဲ့တူတဲ့ ဆွဲဆောင်မှုလေးက ထပ်ပေါင်းလိုက်တော့ သူ့ညွှတ်ကွင်းကနေ ပျိုမေတို့ ရုန်းမထွက်နိုင်တော့ဘူးပေါ့။

Kim Min Kyu

မင်းသား Kim Min Kyu က သရုပ်ဆောင်လောကထဲရောက်နေတာ အတော်ကြာပြီဆိုပေမယ့်လည်း မကြာသေးခင်ကပဲ “A Business Proposal” ဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာထိ ထိုးဖောက်သွားခဲ့ပြီး အခုဆို ဇာတ်ကားတွေထပ်ထွက်ဖို့ ပရိတ်သတ်တွေက တောင်းဆိုနေကြပါတယ်နော်။ ဆံပင်မွေးဖွာဖွာ၊ ပါးချိုင့်၊ ချစ်စရာကောင်းတဲ့အပြုံးတိုနဲ့ သူ့ပုံစံလေးက ပျိုမေတို့အသည်းကို ဖမ်းထားထားပါတယ်။

Park Bo Gum

မင်းသား Park Bo Gum တစ်ယောက် ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာ ပုံကိုကြည့်တာနဲ့ ဘာမှသိပ်ပြီး အထူးတလည် ပြောပြနေစရာ လိုမယ်မထင်တော့ပါဘူးနော်။ အင်မတန်ယဥ်ကျေး၊ သဘောကောင်းတဲ့ မင်းသားတစ်လက်အဖြစ် ကျော်ကြားလှတဲ့ Park Bo Gum တစ်ယောက်ကတော့ ဒီစာရင်းထဲမှာ ပါကိုပါရမယ်။

Lee Do Hyun

ဒီနှစ်တွေထဲမှာ တဖြည်းဖြည်း နာမည်တက်လာတဲ့ တက်သစ်စ မင်းသားစာရင်းဝင် Lee Do Hyun ကလည်း ဒရမ်မာဇာတ်လမ်းတွဲတွေသာမက ရသစုံရှိုးတွေမှာလည်း ပါရမီပါပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အင်မတန်ရင်းရင်းနှီးနှီး နေတတ်တဲ့ မင်းသားပဲဖြစ်ပါတယ်။ ခွေးလေးနဲ့တူတာက မျက်နှာပေါက်သာမဟုတ်ဘဲ အမူအယာလေးတွေကပါ ချစ်စရာကောင်းနေတာပါနော်။

Kim Seon Ho

ကိုယ်တွေရဲ့ ပါးချိုင့်မင်းသား Kim Seon Ho ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ Kim Seon Ho လို့ပြောလိုက်တိုင်း သူ့အပြုံးလေးကို ပိုပြီးပြည့်စုံသွားစေတဲ့ ပါးချိုင့်နှစ်ဖက်ကိုလည်း ပရိတ်သတ်တွေက တန်းပြီးပြေးမြင်တတ်ကြပါတယ်။

Jung Hae In

Sexy ဆိုလည်းရ၊ ကလေးမျက်နှာလေးနဲ့ အပြစ်ကင်းစင်တဲ့ပုံဆိုလည်းရတဲ့ ကိုယ်တွေရဲ့ မင်းသားချော Jung Hae In ကလည်း မကြာသေးခင်ကပဲ ထွက်ရှိထားခဲ့တဲ့ “Snowdrop” ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ထပ်မံရရှိထားပါတယ်။ သူပြုံးလိုက်တဲ့အချိန်မှာလည်း မျက်လုံးလေးက အရောင်လက်သွားပြီး ပျော်နေတဲ့ခွေးလေးလိုပဲ သွားတူနေလို့ ပရိတ်သတ်တွေ ချစ်နေရတာပါ။

Park Seo Joon

ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှုတွေ တခဲနက်ရနေတဲ့ ကိုယ်တွေရဲ့ ဒုဥက္ကဌကြီး Park Seo Joon က Marvel Studios နဲ့ ရိုက်ကူးရေးလုပ်နိုင်ခဲ့လို့ သူ့ပရိတ်သတ်တွေက ဂုဏ်ယူလို့မဆုံးဖြစ်နေပါတယ်နော်။

မျက်နှာပေါက်လေးတွေက ခွေးပေါက်စလေးနဲ့ တူတာမကဘဲ သူ့ရဲ့အပြုံး၊ သူ့ရဲ့သရုပ်ဆောင်ချက်တွေက အနုပညာလောကမှာ နေရာတစ်နေရာယူနိုင်ခဲ့တဲ့ သက်သေတွေပါပဲ။

Park Hyung Sik

ကိုယ်တွေ ဒုဥက္ကဌကြီး Park Seo Joon ရဲ့ နာမည်ကြီး Wooga Squad ထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားချော Park Hyung Sik ကလည်း စစ်မှုထမ်းပြီးကတည်းက “Happiness”, “Soundtrack #1,” ဇာတ်ကားတွေနဲ့ နာမည်ရရှိထားပါတယ်နော်။

Lee Jong Suk

Big Mouse က ဘယ်သူဖြစ်မလဲဆိုပြီး ပရိတ်သတ်တွေ အသည်းအသန်ရှာဖွေရေးလုပ်နေကြတဲ့ “Big Mouth” ဇာတ်လမ်းတွဲထဲက ဇာတ်လိုက်မင်းသား Lee Jong Suk ဟာဆိုရင် မျက်နှာပေါက်တွေက ခွေးပေါက်စလေးနဲ့ တူယုံမကဘဲ သူ့ရဲ့ခွေးတွေကိုလည်း အင်မတန်ချစ်သူတစ်ယောက်ပါ။

Lee Je Hoon

ဘေးအိမ်က ကောင်ချောလေး လိုမျိုး ခံစားချက်ပေးတဲ့မျက်နှာနဲ့ မင်းသား Lee Je Hoon ကို မိဘတွေနဲ့တွေ့ဖို့ ခေါ်သွားချင်တဲ့ ချစ်သူကောင်လေးမျိုးလို့ ကိုရီးယားလူမျိုးအများစု ပြောကြပါတယ်။ ဥာဏ်ကောင်းတယ်၊ လူကြီးလူကောင်းပီသတယ်၊ အပြုံးချိုတယ် စသဖြင့် ဘယ်ဘက်ကကြည့်ကြည့် အပြစ်ပြောစရာ မရှိတဲ့သူပါ။

Kang Ha Neul

မင်းသား Kang Ha Neul တစ်ယောက်လည်း အင်မတန် လူချစ်လူခင်ပေါရတဲ့ အကြောင်းအရင်းကတော့ သိသာလွန်းမယ်ထင်ပါတယ်။ ဘေးနားကလူတွေကိုတောင် အပျော်ကူးစက်သွားစေနိုင်တဲ့ သူ့ရဲ့အပြုံးရယ် အင်တာဗျူးတွေမှာ မေးတဲ့အခါတိုင်း ကျိုးနွံတဲ့အမူအယာတို့က ပရိတ်သတ်များရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။