မင်္ဂလာပါနော်။ ခြေဖနောင့်ကွဲတာ၊ အရေပြားလန်တာတွေ ခဏခဏဖြစ်တတ်လို့ စိတ်အနှောက်အယှက်ဖြစ်နေရတဲ့သူတွေရှိလား။ ခြေဖနောင့်ကွဲတာက များသောအားဖြင့် ခြောက်သွေ့လွယ်တဲ့ရာသီတွေမှာဖြစ်တတ်ပြီး ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်တာ၊ ခြေထောက်ကို Scrub မလုပ်တာ၊ အစိုဓာတ်မဖြည့်ပေးတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုခြေထောက်အရေပြား ခြောက်သွေ့ကွဲအက်တာကို ပြန်သက်သာဖို့ သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်အလွယ်တကူ လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းလေးကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။ နူးညံ့တဲ့ ခြေထောက်လေးတစ်စုံပြန်ရချင် သူတိုင်း စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

၁။ အမှုန့်ကြိတ်ထားတဲ့ သံပယိုသီးနဲ့ လိမ္မော်သီးအခွံ တစ်ဇွန်းခန့်


၂။ သံပယိုရည်နဲ့ လိမ္မော်ရည် တစ်ဇွန်းစာ

၃။ အုန်းဆီတစ်ဇွန်းနဲ့

၄။ သကြားတစ်ဇွန်း တို့ပဲဖြစ်ပါတယ်။

ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေကို ဇလုံတစ်ခုထဲထည့်ကာ သမတဲ့အထိ ရောမွှေပေးပါ။ သကြားပျော်ဝင်တဲ့အထိ မွှေဖို့မလိုပါဘူး။ Scrub ပုံစံအနှစ်လေးရအောင် လုပ်ပေးရပါမယ်။


ရလာတဲ့ Scrub ကိုအသုံးမပြုခင် ခြေထောက်အရင်သန့်စင်ပြီး ပုဝါသန့်သန့်နဲ့ ခပ်ဖွဖွသုတ်ပေးပါ။ ခြောက်သွားတဲ့အခါ ကွဲနေတဲ့ခြေဖနောင့်ပေါ် ဖွဖွလေးပွတ်ပြီး Scrub တိုက်ပေးရမှာဖြစ်ပါတယ်။

၅ မိနစ်လောက်ထားပြီးတဲ့အခါ ရေနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ဆေးပြီးတဲ့နောက် ရေခြောက်သွားတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပေးလိုက်ပါ။ ဒီနည်းကို တစ်ပတ်မှာ နှစ်ကြိမ်ပုံမှန်သုံးပေးနိုင်ပြီး ဆဲလ်သေတွေ ဖယ်ရှားပေးကာ ခြေထောက်အသားအရေနူးညံ့ပြီး အစိုဓာတ်လည်းရစေပါလိမ့်မယ်။


ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့ ဒီ Scrub မှာ Antioxidant နဲ့ Vitamin C များစွာပါဝင်နေသလို သူ့မှာပါတဲ့ အုန်းဆီက အရေပြားခြောက်သွေ့ခြင်း သက်သာပြီး အစိုဓာတ်ဖြည့်ပေးနိုင်တဲ့အပြင် သကြားကလည်း ဆဲလ်သေတွေဖယ်ရှားရာမှာ အရမ်းအသုံးဝင်ပါတယ်။ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ခြေဖနောင့်ကွဲတာ သက်သာလာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar