ဆံပင်ကျွတ်လွန်းလို့ ထိပ်ပြောင်သလိုလိုတောင် ဖြစ်လာပြီမို့လို့ စိတ်ညစ်နေရပါသလား။ ဆံပင်ကျွတ်တာဟာ အာဟာရဓာတ်ချို့တဲ့တာကြောင့်လည်းဖြစ်နိုင်သလို၊ မျိုးရိုးနဲ့ ဓာတုပစ္စည်းထိတွေ့မှုများတာတွေ၊ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဆံပင်ကျွတ်တာကို အလွယ်တကူ အေးအေးဆေးဆေး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးရှိပါတယ်နော်။ ဒါကြောင့် ဆံပင်ကျွတ်တာကို သိသိသာသာ သက်သာအောင် ပြုလုပ်ပေးနိုင်တဲ့ သဘာဝပေါင်းတင်နည်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလက်ပပ်နဲ့ အုန်းနို့ကို ပေါင်းပြီးသုံးပေးရမှာပဲ့ဖြစ်ပါတယ်။ အဲ့ဒီပေါင်းတင်နည်းလေးကတော့ ဆံပင်ပေါက်တဲ့အမြစ်တွေကို သန်စွမ်းစေပြီး ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ဦးရေပြားကိုလည်း ရေဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။ Antioxidant ၊ Fatty Acids နဲ့ ဗီတာမင်ဓာတ်ပါဝင်ပြီး ဆံကေသာကို အကောင်းဆုံး အာဟာရဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အုန်းနို့က ဆံကေသာကို စိုပြေစေပြီး ပျော့ပြောင်းစေသလို ဆံသားထိခိုက်ပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရှားစောင်းလက်ပပ်  စားပွဲတင်ဇွန်း ၅ ဇွန်း

အုန်းနို့ ခွက်တစ်ဝက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၃၀ ကနေ ၄၀ ထိထားပေးပြီး ခေါင်းလျှော်ချပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိ လုပ်ပေးနိုင်ပါတယ်။