သင်က လက်ရှိမှာ သင့်စိတ်နဲ့ လုံးဝ အဆင်မပြေဘဲ ပေါင်းနေရတဲ့ အပေါင်းအသင်းတွေနဲ့ ရင်ဆိုင်နေရသူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သင်မပေါင်းချင်တဲ့ သူတစ်ယောက်က သင့်ကို အရမ်းခင်ချင်နေတယ်ဆိုရင် ဒါက ဝန်လေးစရာတစ်ခု ဖြစ်တတ်ပါတယ်။ သူ့ဘက်က ဘယ်လောက် ကြိုးစားပါစေ သင့်အနေနဲ့ သူနဲ့ ပေါင်းဖို့ ဘယ်လို အဆင်မပြေတာမျိုး ဖြစ်နေမှာပါ။ ဒါက သင် အကျင့်မကောင်းလို့ မဟုတ်ဘဲ သင့်စိတ်ကိုက သူနဲ့ အဆင်မပြေတာပါ။ ဒီလို အချိန် ဘယ်လို ဖြေရှင်းရင်ဆိုင်နိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ ဆုံးဖြတ်ချက် ခိုင်မာပါစေ

သင့်အနေနဲ့ ဘယ်လိုမှ မပေါင်းချင်တဲ့ လူတစ်ယောက်ရဲ့ တောင်းဆိုချက် ဖိတ်ကြားမှုတွေကို အားနာပြီး ပါနေတာမျိုး မလုပ်သင့်ပါဘူး။ အားနာတာက သင်တို့ နှစ်ဦး မိတ်ဆွေ အဖြစ်ဆက်နေရခြင်းရဲ့ အဓိက အကြောင်းအရင်း မဖြစ်သင့်ပါဘူး။ သင့်အနေနဲ့ ပြတ်သားသင့်ပါတယ်။

၂။ ခင်ခင်မင်မင်ပဲ ဆက်ဆံပါ

“ကိုယ်ပေါင်း စိတ်ခွာ”ဆိုတဲ့စကားကို သင်ကြားဖူးမှာပါ။ သူနဲ့ ဘယ်လိုမှ ပေါင်းသင်းရ အဆင်မပြေလို့ သင့်ဘက်က ခပ်ခွာခွာနေတဲ့ အမူအရာမျိုးကို မလုပ်သင့်ပါဘူး။ ဒီလိုပဲ သူ့အပေါ် ရိုင်းပြတာမျိုး မလုပ်သင့်ပါဘူး။

၃။ ကန့်သတ်ချက်ထားပါ

သင်က သူ့ကို လုံးဝ မပေါင်းချင်တော့ရင် ကန့်သတ်ချက်တွေ ထားသင့်ပါတယ်။ ဥပမာ- သူငယ်ချင်း အုပ်စုလိုက် သွားတဲ့အချိန်မျိုးပဲ သူနဲ့ စကားပြောသင့်ပြီး သပ်သပ် ချိန်းဆိုတာမျိုး မလုပ်တာ ပိုကောင်းပါတယ်။

၄။ ရှောင်ပါ

သူခေါ်တဲ့ နေရာ၊ သူစကားပြောလာတဲ့အခါ တတ်နိုင်သလောက် အချိန်စောင့်ပြီးမှ စဉ်းစားကာ ပြောဆိုသင့်ပါတယ်။ လူတစ်ယောက်က သူတို့ကို ရှောင်လာတာ များတဲ့အခါ ပြောစရာမလိုဘဲ အလိုလို သိလာတတ်ပါတယ်။

၅။ မအားချင်ယောင်ဆောင်ပါ

ဒီအချက်ကလည်း အပေါ်က အချက်လိုပါပဲ။ လူတစ်ယောက်က သူဆက်တဲ့ ဖုန်း၊ မတ်ဆေ့တွေကို တခြားတစ်ယောက်က အကြောင်းမပြန်ရင် အလိုလို နေရင်း နားလည်သွားတတ်ပါတယ်။ ဒါကြောင့် သူက တွေ့ဖို့ခေါ်ရင် သင်မအားကြောင်း ရှင်းပြသင့်ပါတယ်။

၆။ အလုပ်များအောင်နေပါ

လူတစ်ယောက်နဲ့ မပေါင်းချင်ရင် သင်က အမြဲ အလုပ်တွေနဲ့ ပြည့်အောင် ဖန်တီးထားသင့်ပါတယ်။ ဒီလိုဆိုရင် သူတို့ဘက်က လာခေါ်တဲ့အချိန် သင်မအားကြောင်း အကြောင်းပြနိုင်ပါတယ်။

၇။ တခြားသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါ

သင်က သူ့ကို ဘယ်လိုမှ ပေါင်းလို့ မရပေမယ့် သူ့လို ပုံစံတူ သူငယ်ချင်းတွေ သင့်မိတ်ဆွေထဲမှာ ရှိမှာပါ။ သူတို့ နှစ်ဦးကို သင်က မိတ်ဆက်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင် အလိုလို ရှောင်ထွက်ရာ ရောက်ပါတယ်။

တစ်စုံတစ်ယောက်နဲ့ အပေါင်းအသင်း မလုပ်ချင်တာက သင့်အမှားမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဘက်သားအပေါ် ရိုင်းပြတဲ့ အပြုအမူ မလုပ်မိဖို့ အရေးကြီးပါတယ်။

Photo source: Pinterest

By MyStyle Myanmar