ပဲမှုန့်က စားလို့ပဲရတာမဟုတ်ပါဘူး။ အသားအရေအတွက်ပါ အရမ်းအသုံးဝင်ပါတယ်။ ဒါဆိုရင် အသားအရေအတွက် ပဲမှုန့်ကို အသုံးပြုလို့ရတဲ့ နည်းလမ်းကောင်းတွေကို ကြည့်လိုက်ရအောင်…။

နေလောင်ထားတာအတွက်

နေလောင်ထားတဲ့အသားအရေအတွက် ပဲမှုန့်ကို အသုံးပြုလို့ရပါတယ်။

နည်းလမ်းကတော့ ပဲမှုန့် – လက်ဖက်ရည်ဇွန်း ၄ ဇွန်းနဲ့ ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပါ။ သေချာမွှေပြီးရင် မျက်နှာနဲ့ လည်ပင်းမှာ လိမ်းထားပြီး ခြောက်သွားမှ ရေခဲရေနဲ့ မျက်နှာသစ်ပေးပါ။ နေလောင်ထားတာတွေ သက်သာစေပါတယ်။

ဝက်ခြံအမာရွတ်အတွက်

ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေ ပါးသွားဖို့အတွက်လည်း ပဲမှုန့်ကို သုံးလို့ရပါတယ်။

နည်းလမ်းကတော့ ပဲမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ နနွင်းမှုန့် – အနည်းငယ်တို့ကို ရောမွှေပေးပါ။ ပျစ်ပျစ်လေးဖြစ်အောင် မွှေပြီးရင် အမာရွတ်ပေါ်ပဲဖြစ်ဖြစ်၊ မျက်နှာတစ်ပြင်လုံးကိုပဲဖြစ်ဖြစ် လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။

Exfoliate လုပ်ဖို့အတွက်

Exfoliate လုပ်ဖို့အတွက် ဆဲလ်သေတွေကိုလည်း ဖယ်ရှားဖို့အတွက် ပဲမှုန့်ကို သုံးလို့ရပါသေးတယ်။

နည်းလမ်းကတော့ ပဲမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ အုတ်ဂျုံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းဂျုံ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပါ။ ပြီးရင် နွားနို့ပါ နည်းနည်းထည့်မွှေပါ။ ပြီးရင်တော့ မျက်နှာအပြင် body ကိုပါ scrub တိုက်သလို ဖြေးဖြေးချင်းစီ ပွတ်တိုက်ပြီး exfoliate လုပ်နိုင်ပါတယ်။

အဆီပြန်တာသက်သာဖို့အတွက်

အရမ်းအဆီပြန်နေရင် ပဲမှုန့်ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်ကြည့်ပါ။ အဆီပြန်တာ သက်သာစေပါတယ်။

နည်းလမ်းကတော့ ပဲမှုန့်ကို ဒိန်ချဉ် (သို့) နွားနို့နဲ့ ဆတူရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ မိနစ် ၂၀ ကြာမှ မျက်နှာသစ်လိုက်ရုံပါပဲ။

Facial Hair တွေဖယ်ရှားဖို့အတွက်

မျက်နှာမှာရှိနေတဲ့ facial hair တွေကိုလည်း ပဲမှုန့်နဲ့ ဖယ်ရှားလို့ရပါတယ်။

နည်းလမ်းကတော့ ပဲမှုန့်နဲ့ ပဲနံ့သာမှုန့်ကို ဆတူရောမွှေပြီး ရေနည်းနည်းထည့်ကာ ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ခြောက်သွားရင် မျက်နှာသစ်လိုက်ရုံပါပဲ။