ဒီနေ့မှာတော့ MyStyle Myanmar ပရိသတ်ကြီးအတွက် အလှအပနဲ့ပတ်သက်ပြီး ဝက်ခြံအကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်နော်… လူတိုင်းကတော့ မျက်နှာပေါ်မှာဝက်ခြံတွေပေါက်လာရင် စိတ်ညစ်ကြတာပဲလေ။  စိတ်ရှုပ်စရာကောင်းလွန်းတဲ့ ဝက်ခြံတွေကိုပျောက်ကင်းစေဖို့အတွက် တစ်ခြားဝက်ခြံပျောက်တယ်ဆိုတဲ့ ပစ္စည်းတွေကိုသုံးတာထက် လုပ်သင့်တဲ့အရာတွေကို သေချာဂရုတစိုက်လေး လုပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကောင်းတွေကို ရရှိလာမှာပါနော်…

ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေ ထွက်လာတဲ့ အကြောင်းအရင်းနဲ့ ဘယ်လိုမျိုး ကာကွယ်မှုတွေ လုပ်ပေးသင့်သလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။

၁။ စိတ်ဖိစီးမှုများခြင်း

ဝက်ခြံတွေက စိတ်ဖိစီးမှုများတဲ့အချိန်တွေဆို ထွက်လာတတ်တယ်။ စိတ်လှုပ်ရှားစရာ တစ်ခုခုလုပ်ရမယ့်အချိန်ဆိုရင် ဝက်ခြံက ရှေ့က ဦးဆောင်ထွက်နေတတ်ပြီ။ ဒါ့အပြင် စိတ်ဖိစီးမှုက သင့်ရဲ့အိပ်ချိန်မမှန်တာတွေ သရေစာပိုစားမိတာတွေကို တိုက်ရိုက်နည်းနဲ့မဟုတ်ဘဲ သက်ရောက်မှုရှိနေပါတယ်။ အိပ်ချိန်မမှန်တာနဲ့ သရေစာက ဝက်ခြံထွက်ဖို့ အားပေးနေတဲ့အရာတွေပါ။ စိတ်ဖိစီးတာက သင့်ရဲ့ အဆီဂလင်းတွေကို လှုံ့ဆော်ပေးပြီး အဆီပိုထွက်စေပါတယ်။ ဒါကပဲ ဝက်ခြံကို ထွက်စေတာပါ။

၂။ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်

နေရာအသစ်ကို ပြောင်းလဲရတာကလည်း ဝက်ခြံရုတ်တရက်ဖြစ်ခြင်းမှာ ပါဝင်ပါတယ်။ နေရာအသစ်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေတွေးမိပြီး စိုးရိမ်လာတာ၊ စိတ်ပူတာတွေက ဝက်ခြံကို လှုံ့ဆော်ပေးတာနဲ့တူပါတယ်။

နေရာအသစ်က သန့်ရှင်းမှုမရှိတာကလည်း ဝက်ခြံဖြစ်ရခြင်းအကြောင်းအရင်းပါပဲ။ လေထုထဲမှာ ရေခိုးရေငွေ့များတာကလည်း ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ ဒါကြောင့် မိုးရာသီနဲ့ နွေရာသီမှာ ဝက်ခြံဖြစ်တာများပါတယ်။

၃။ စားသောက်ပုံမမှန်လို့

သင်က အချိုကြိုက်သူ၊ သရေစာစားနေကျသူဆိုရင်တော့ ဝက်ခြံထွက်တာမဆန်းပါဘူး။ အသင့်စားအစားအသောက်တွေက Glycemic ညွှန်းကိန်းကို တက်စေပြီး ဝက်ခြံကိုပိုဆိုးစေပါတယ်။

၄။ အသားအရေထိန်းသိမ်းတဲ့ အလှကုန်တွေ

အပြင်သွားမယ့်ရက်နီးမှ သင်သုံးနေကျ Skin care မဟုတ်ဘဲ Skin care အမျိုးအစားသစ်ပြောင်းလိုက်ရင်တော့ ဒါဟာ ဝက်ခြံတွေအတွက် အခွင့်ကောင်းပါပဲ။ တချို့ Product တွေကျတော့ မျက်နှာခြောက်သွေ့သွားစေပြီး ဝက်ခြံထွက်လာပြန်ပါတယ်။ ဒါကြောင့် ဒီပြဿနာအတွက် ကုထုံးကတော့ အသားအရေတိုင်းနဲ့ သင့်တော်တယ်လို့ ရည်ရွယ်ထားတဲ့ Skin Care မျိုးကိုသုံးပါ။ သင့်အရေပြားက ထွက်နေကျအဆီတွေကို မပါသွားစေမယ့် Skin Care ကို သုံးရပါမယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့။ ဝက်ခြံထွက်တာကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးကြရအောင်..

သင့်မျက်နှာကို ပုံမှန်သန့်စင်ပေးပါ

မျက်နှာမသစ်ဘဲ အိပ်ရာထဲတန်းဝင်တာမျိုးမလုပ်ပါနဲ့။ Facial cleanser ကို သုံးပြီး မျက်နှာသစ်ပါ။ ဒါပြီးတာနဲ့ Moisturizer လိမ်းပေးပါ။ မျက်နှာသစ်ပေးဖို့ ဘာလို့အရေးကြီးတာလဲဆိုတော့ မျက်နှာပေါ်မှာ ကျန်နေခဲ့တတ်တဲ့ မိတ်ကပ်အကြွင်းအကျန်တွေက အညစ်အကြေးတွေနဲ့ ရောသွားပြီး ဝက်ခြံတွေကိုပိုပြီးဖြစ်စေတတ်တာကြောင့် မျက်နှာကို မနက်တစ်ခါ၊ ညတစ်ခါပုံမှန်လေးသစ်ပေးဖို့ အရေးကြီးပါတယ်နော်။

မျက်နှာချေးချွတ်ပါ

တစ်ပတ်မှာနှစ်ကြိမ် Scrub နဲ့ ညင်သာစွာချေးချွတ်ပေးပါ။ ဒီလိုလုပ်ပေးတာက သင့်အရေပြားပေါက်တွေကို ပိတ်စေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပါတယ်။ ဒီဆဲလ်သေတွေက ဝက်ခြံထွက်စေလို့ပါ။

မျက်နှာကိုလက်နဲ့ထိတွေ့တာတွေ

တော်တော်လေးကိုဆိုးရွားတဲ့အကျင့်တစ်ခုပါ။ တစ်ချို့သူတွေဆိုရင် စကားပြောရင်းနဲ့မျက်နှာကို လက်နဲ့ထိနေတာမျိုးတွေက လက်ကနေ တစ်ဆင့်ပါလာတဲ့ ဘက်တီးရီးယားတွေကို မျက်နှာပေါ်တင်သလိုဖြစ်ပြီး ဝက်ခြံတွေကိုဖြစ်ပွားအောင် လုပ်နေသလိုမျိုးဖြစ်စေပါတယ်နော်။

ရေများများသောက်ပေးပါ

ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေမှ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ပြေလျော့သွားစေပြီး ဝက်ခြံဖြစ်တာတွေထက် မရှိအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေမြန်မြန်ပျောက်ချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးလိုက်ပါနော်။

စိတ်ဖိစီးမှုတွေမရှိအောင်နေထိုင်ပါ

စိတ်ဖိစီးမှုတွေများလာတာက သင့်ခန္ဓာကိုယ်မှာ ဟော်မုန်းတွေမညီတော့ဘဲ ဝက်ခြံတွေကိုဖြစ်လာစေတော့တာပေါ့။ လူတိုင်းကတော့ အမြဲ မပျော်ရွှင်နေနိုင်ဘူးလေ စိတ်ညစ်စရာတွေရှိလာခဲ့တယ်ဆိုရင်လည်း အတတ်နိုင်ဆုံးစိတ်လျော့ပြီး နေကြည့်လိုက်မယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။

ဒီနည်းလမ်းတွေကိုလိုက်လုပ်ကြည့်မယ်ဆိုရင်တော့ ဝက်ခြံပျောက်စေဖို့တခြားအရာတွေ သုံးနေစရာမလိုဘဲ ရက်ပိုင်းအတွင်းမှာ သိသိသာသာ ပျောက်ကင်းလာမှာပဲဖြစ်ပါတယ်။

Source: Brightside