အချစ်ရေးက တစ်ယောက်နဲ့ တစ်ယောက် အခြေအနေ မတူတာမို့ ဖြေရှင်းနည်းလည်း မျိုးစုံရှိပါတယ်။ ဒါပေမဲ့ အခုဖော်ပြထားတဲ့ ကိစ္စသေးသေးလေးတွေတော့ အိမ်ထောင်ရှင်တိုင်း လက်ခံထားကြတဲ့ အချစ်ရေးကို တိုးတက်စေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

ဒီအရာတွေကို ပုံမှန်လုပ်ပေးမယ် ဆိုရင်တော့ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးက အရင်လို ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေဦးမှာပါ။

၁။ စောင်အတူတူ မထားဘဲ အိပ်ပါ

ဇာတ်ကားတွေမှာ စောင်လုတဲ့ စုံတွဲတွေကို သင်မြင်ဖူးမှာပါ။ အပြင်မှာလည်း ဒါမျိုးက တကယ် ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်ရလေအောင် စောင် တစ်ယောက် တစ်ထည်စီ ပိုင်ဆိုင်သင့်ပါတယ်။ ဒီလိုဆိုရင်တော့ သင်တို့နှစ်ဦးက တစ်ကုတင်တည်းမှာ တူတူ အိပ်နိုင်မယ့်အပြင် ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ် အပြည့်ရှိပါတယ်။

၂။ အိမ်သာ၊ သန့်စင်ခန်းကို သီးခြားစီ ထားပါ

အိမ်ထောင်ရေးတစ်ခုမှာ အတူတူ နေတာ ကြာလာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ အချက်တွေ ပေါ်လာတတ်ပါတယ်။ ဒီထဲမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်း ပါဝင်ပါတယ်။ သင်တို့နှစ်ဦးက တစ်ယောက် ကိစ္စကို တစ်ယောက် သီးသန့်စီ ထားချင်ရင်၊ သန့်ရှင်းလွန်းတာကို ကြိုက်ရင် သန့်စင်ခန်း တစ်ယောက်တစ်ခန်းစီ ထားသင့်ပါတယ်။

၃။ ပြက္ခဒိန်ကို တစ်ခုတည်းထားပါ

သင်တို့နှစ်ဦးရဲ့ လုပ်စရာကိစ္စတွေကို ပြက္ခဒိန်တစ်ခုတည်းမှာ အတူတူ ရေးထားတဲ့အခါ တစ်ယောက် တာဝန်တွေကို တစ်ယောက် သိနိုင်ပြီး တူနေတာရှိရင် အတူတူ လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းလမ်းက အချိန်ကုန်သက်သာစေသလို သင်တို့နှစ်ဦးရဲ့ စွမ်းအင်တွေကိုလည်း ခြွေတာရာရောက်ပါတယ်။

၄။ သင့်လက်တွဲဖော်ကို အခင်ဆုံးသူငယ်ချင်းလို ဆက်ဆံပါ

လူအများစုက သူတို့ရဲ့ အခင်ဆုံး သူငယ်ချင်းရှေ့မှာဆိုရင် ဟန်မဆောင်ဘဲ နေထိုင်တတ်ကြပါတယ်။ သင့်အိမ်ထောင်ဘက်ကိုလည်း ဒီလိုပဲ ဆက်ဆံသင့်ပါတယ်။ မင်းသမီး Blake Lively ဆိုရင် သူမရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Ryan Reynolds ကို အခင်ဆုံး သူငယ်ချင်း ကောင်မလေးလို ပေါင်းသင်းပြောဆိုတတ်ပါတယ်တဲ့။ သူငယ်ချင်းတွေလို တစ်ယောက်အဖြစ်အပျက်တွေကို တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောကာ စာနာနိုင်ပါတယ်။

၅။ တစ်ယောက်တည်း နေဖို့ အချိန်ပေးပါ

သင့်အိမ်ထောင်ဘက်က သင့်ကို အာရုံမစိုက်ဘဲ တစ်ယောက်တည်း နေချင်တဲ့ စိတ်ပေါ်နေတယ်ဆိုရင် ဒါကို လက်ခံသင့်ပါတယ်။ သင်တို့နှစ်ဦးလုံးအတွက် တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ကို လိုအပ်ပါတယ်။ တစ်ယောက်တည်း နေလိုက်မှ အားအင်တွေ ပြည့်လာသလို ကိုယ့်အကြောင်းကိုယ် ပိုသိလာနိုင်ပါတယ်။ အတူရှိချိန်လိုပဲ တစ်ယောက်တည်း နေတဲ့အချိန်ကလည်း ထပ်တူ အရေးပါ ပါတယ်။

၆။ ဒိတ်လုပ်သွားပါ

အတူတူ နေတာကြာလာတဲ့အခါ အိမ်ထောင်ရေးက တည်ငြိမ်သွားတတ်ပါတယ်။ သင်တို့ နှစ်ဦးကြားက မီးတောက်ကလေးကို အမြဲ တောက်ပနေစေချင်ရင် သင်ချစ်ရသူနဲ့ အမြဲ အပြင်မှာ ဒိတ်လုပ်ဖို့ လိုအပ်ပါတယ်။ ဒိတ်လုပ်တဲ့အခါ ပြောစရာ စကားတွေ ရလာကာ စိတ်ဝင်စားစရာ ကိစ္စတွေကို အတူတူ ဆောင်ရွက်နိုင်ပါတယ်။

Source: Brightside

by MyStyle Myanmar