တချို့ကျတော့ ကိုယ်အရမ်းချစ်တဲ့သူနဲ့ဆိုရင် toxic relationship ဖြစ်နေလည်း ဆက်ပြီးဖက်တွယ်နေကြတာပါပဲ။ ဒီလိုဖက်တွယ်နေလို့ ကိုယ်ပဲပင်ပန်းရမှာ၊ ကိုယ်ပဲနာကျင်ရမှာပါ။ ဒါကြောင့် ဘယ်လောက်ချစ်ချစ် အရမ်းနာကျင်လာရရင်တော့ ကြိုးစားပြီး လက်လွှတ်သင့်ပါတယ်။ Toxic relationship ကို စွန့်လွှတ်နိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင် ဒီအရာ ၄ ခုကို လုပ်ကြည့်လိုက်ပါ။

ကိုယ့်စိတ်ကိုပြောင်းလဲပြင်ဆင်ပါ

Toxic relationship ကြီးကို မစွန့်လွှတ်နိုင်ရင် ကိုယ်ဘယ်လောက်တောင် နာကျင်နေရပြီလဲ၊ ဘယ်လောက်တောင် ခံစားနေရပြီလဲဆိုတာကိုသာ ပြန်စဉ်းစားကြည့်ပါ။ ဒီ relationship ကို ဆက်ပြီးဖက်တွယ်ထားမယ်၊ ရှေ့ဆက်မယ်ဆိုရင်ကော ပျော်ရွှင်နိုင်မှာဆိုတာ သေချာစဉ်းစားပါ။ မဖြစ်နိုင်တော့ဘူးဆိုတာကို ကိုယ်တိုင်လည်း သိနေပြီဆိုရင်တော့ ကိုယ့်စိတ်ကိုသာ ပြောင်းလဲပြင်ဆင်ပါတော့။ ခံစားရရင်လည်း အချိန်တစ်ခုအထိပဲ ခံစားရမှာမို့ စွန့်လွှတ်ပြီးသာ ခံစားလိုက်ပါ။ ဝမ်းနည်းလိုက်ပါ။ အချိန်ကကုစားပေးသွားမှာပါ။

ဒီ Relationship နဲ့ပတ်သက်တာတွေကိုဖျက်ဆီးလိုက်ပါ

Toxic relationship ကို စွန့်လွှတ်ချင်ရင် အရာရာကို မေ့ပစ်နိုင်ရပါမယ်။ မေ့ပစ်နိုင်အောင် ဒီ relationship နဲ့ပတ်သက်သမျှ အရာအားလုံး သေးသေးလေးကအစ ဘာမှမရှိတော့အောင် ဖျက်ဆီးပစ်ပါ။ တွေ့နေမြင်နေရင် မေ့ပစ်ဖို့ ခက်ခဲပါတယ်။ မြင်တိုင်းသတိရပြီး တွေးမိနေပါလိမ့်မယ်။ ဒါကြောင့် ဘာမှမကျန်အောင် အလွမ်းဖြေစရာမရှိအောင်ကို ဖျက်ဆီးလိုက်ပါ။

မအားအောင်နေပါ

အားနေရင် လုပ်စရာမရှိတော့ တွေးပြီးဝမ်းနည်းနေမိမယ်၊ သတိရနေမယ်၊ မစွန့်လွှတ်နိုင် ဖြစ်နေပါမယ်။ ဟိုတွေးဒီတွေးနဲ့ လျှောက်တွေးပြီး ခံစားနေရအုံးမှာပါ။ ဒါကြောင့် မအားအောင်နေပါ။ အလုပ်ရှုပ်ပြီး မအားရင် ဒီ toxic relationship နဲ့ပတ်သက်ပြီး တွေးနေဖို့ အချိန်တောင် ရှိမှာမဟုတ်ပါဘူး။

ကိုယ့်ပျော်ရွှင်မှုကိုပြန်လည်ရှာဖွေပါ

ကိုယ့်ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေပြီး ပျော်အောင်နေရပါမယ်။ ပျော်စရာတွေ ဖန်တီးရပါမယ်။ ကိုယ့်ကိုယ်ကို ပိုချစ်ပြီးတန်ဖိုးထားပါ။ ကိုယ့်မှာ ပျော်ရွှင်မှုလေးတွေ ရှိလာတဲ့အခါ အားလုံးကို စွန့်လွှတ်နိုင်ပြီး အဆင်ပြေသွားပါလိမ့်မယ်။ ကိုယ်ပျော်ရွှင်ဖို့ကိုပဲ ပိုပြီးမက်မောတတ်လာမှာပါ။